ဓနုဖြူ   ၂၅   ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့် ရမည့် မဲဆန္ဒရှင်စာရင်းများကို ယနေ့ နံနက် ၇ နာရီမှစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ကပ်ထားကြေညာခဲ့သည်။


မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုကြသည့် ပြည်သူတွေအနေဖြင့် မဲစာရင်းတွင် အမည်စာရင်း မပါဝင်ခြင်း၊ အမည်စာရင်း မပါဝင်သင့်သူများ ပါဝင်နေခြင်းနှင့် မဲစာရင်းတွင်ပါဝင်ပြီး မဲစာရင်းပါ အချက်အလက် မှားယွင်းနေခြင်း များရှိပါက ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်နိုင်ရန်အတွက် လိုအပ်သည့်ပုံစံများကို ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် အခမဲ့ထုတ်ပေးလျက်ရှိကြောင်း သိရသည်။


ဓနုဖြူမြို့နယ်အတွင်းရှိ ရပ်ကွက် (၁၈) ခု၊ ကျေးရွာအုပ်စု (၆၃)အုပ်စုနှင့် ကျေးရွာခွဲများတွင် မဲရုံအလိုက် မဲဆန္ဒရှင်စာရင်းကို ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်အထိ ၁၄ ရက်ကြာ ပထမအကြိမ် ကပ်ထားကြေညာမည်ဖြစ်ပြီး မဲဆန္ဒရှင် စုစုပေါင်း ၁၄၃၇၃၇ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးထံမှ သိရသည်။

 

ထက်ဝေဖြိုး(ပြန်/ဆက်)