ဓနုဖြူ ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လမန်းကျေးရွာအုပ်စု၊ ကြီးချောင်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ဆဋ္ဌမအကြိမ် ထုတ်ချေးခြင်းကို ဒီဇင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီက အဆိုပါကျေးရွာ မူလတန်းကျောင်း၌ ပြုလုပ်ကြောင်း သိရသည်။
အဆိုပါရန်ပုံငွေထုတ်ချေးပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ချေးငွေထုတ်ချေးလာသူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ကိုစနစ်တကျဆေးကြောခြင်း၊ သတ်မှတ်အကွာအဝေးအတိုင်း နေရာများချထားပေးခြင်းတို့ကို မြို့နယ်ကျးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ချိုလွင်မှ အနီးကပ်ကြီးကြပ်ပြီး မြစိမ်းရောင်စီမံကိန်းတာဝန်ခံ ဝန်ထမ်းများမှ စီမံကိန်းရန်ပုံငွေများအား တစ်ဦးချင်း စနစ်တကျထုတ်ချေးပေးခဲ့ကြသည်။
ကြီးချောင်းကျေးရွာတွင် စိုက်ပျိုးရေးလုပ်ကိုင်သူ (၆၄)ဦးအား ငွေကျပ် ၃၅ ဒသမ ၃ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၉)ဦးအား ငွေကျပ် ၂ ဒသမ ၉ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၈)ဦးအား ငွေကျပ် ၂ ဒသမ ၅ သန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ (၁)ဦးအား ငွေကျပ် ၃ သိန်း၊ စုစုပေါင်းစီမံကိန်းရန်ပုံငွေကျပ် ၄၁ သန်းအား ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
တေဇာလင်း