ဓနုဖြူ  ၁၉ ဇွန်

 

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မိုးရာသီကာလ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် လက်တွေ့သရုပ်ပြမှုကို ယနေ့ နံနက် ၉ နာရီက ဧရာဝတီ ဟင်္သာတဘက်ကမ်းတာ တာမိုင် (၄၆/၄) မရမ်းချောင်းရေကင်းစခန်း၌ ပြုလုပ်ခဲ့သည်။

 

 

ရှေးဦးစွာ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးထိုက်က လက်တွေ့သရုပ်ပြခြင်း ရည်ရွယ်ချက်များအား ရှင်းလင်း၍ မြို့နယ် ဦးစီးအရာရှိ ဦးကျော်စိုးခိုင်က မိုးတွင်းကာလတွင် ကြုံတွေရတတ်သော ရေဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင် သတိပြုရမည့် အချက်များ၊ ကာကွယ်ရန် နည်းလမ်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ရေပေါက် (ထူးပေါက်) ပေါက်ခြင်းနှင့် သဲဗွက်ထခြင်းအတွက် ရေခွေ ခွေခြင်း၊ တာပေါ်ရေကျော်ခြင်းအတွက် တာထိပ်ဆင့်ခြင်း၊ တာအိ တာလျှောခြင်း၊ လှိုင်းပုတ်ခြင်း၊ ကမ်းပြိုခြင်း၊ ရေစိမ့်ခြင်းတို့အတွက် ကာကွယ်မှုနည်းစနစ်များကို လက်တွေ့သရုပ် ပြသပေးခဲ့ကြောင်း သိရသည်။

 

 

သရုပ်ပြပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်လှ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ကျော်ဦး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် မြစ်ကမ်းအနီးအနားရှိ ကျေးရွာများမှ ပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

 

 

 ထက်ဝေဖြိုး (ပြန်/ဆက်)