မင်းသုဝဏ်

မသိရခင် အဟုတ်သား၊

သိရသောအခါ အလကား၊

အဲဒါ သိရဲ့လား။

ပန်းပေးမလား ဖြေမလား။

အထက်ပါ စကားထာမှာ ဥရောပတိုက်တွင် ဝှက်လေ့ရှိသော စကားထာတစ်ရပ်ဖြစ်ပါသည်

အသီးပေါ် အပင်ပေါက်၊

ခြေထောက်တစ်ချောင်းထောက်

ဤစကားထာကို မဖြေတတ်သေးခင်ကဆိုလျှင် အလွန်ဦးခေါင်းကုတ်ရပါသည်။ အပင်ပေါ်က အသီးထွက်ရိုးထုံးစံနှင့် ဆန့်ကျင်၍ ဝှက်ဆိုထားသည်။ အခြေခံအားဖြင့် ခြေထောက်ဆိုလျှင် နှစ်ချောင်းရှိရရိုး ထုံးစံနှင့်ဆန့်ကျင်၍ ဝှက်ဆိုထားသည်။ နောက်ဆုံး ဟိုလိုဖြေ သည်လိုဖြေ၍ မရသောအခါ ပန်းပေးရသည်။ အဖြေကား ထူးထူးထွေထွေ ဆန်းဆန်းပြားပြားမဟုတ်။ (နာနတ်သီး) တဲ့

အမြီးကောက် မျောက်လည်းမဟုတ်

မုတ်ဆိတ်ဖွား ကုလားလည်းမဟုတ်

ရင်မှာထား သားလည်းမဟုတ်

မြေမသက် ငှက်လည်းမဟုတ်

အဲဒါ ဘာလဲ

မျောက်တိရစ္ဆာန်၊ ကုလားလူမျိုး၊ အမေကဖွားသည့်သား၊ မိုးမှာပျံသည့် ငှက်တို့ကို ရှေ့တန်းတင်၍ပြ၊ ယင်းတို့၏ အမူအရာတို့ကို နိမိတ်ပုံဖြစ်အောင်ဆို။ ဤသို့ မျက်စိရှုပ်အောင် လှည့်ပတ်သွေးဆောင် ခေါ်သွားပြီးမှ ဘာလဲဟုအမေးခံရသူမှာ တွေဝေသွားရသည်။ ဟိုလှည့်စဉ်းစား သည်လှည့်စဉ်းစားနှင့် ဟိုလိုဖြေလည်းနေရာမကျ၊ သည်လိုဖြေလည်း နေရာမကျ၊ အချက်တစ်ချက်ကို ဖြေ၍ရမယောင်ယောင်ရှိခိုက် နောက်တစ်ချက်ကို မဖြေတတ်ဖြစ်။ နောက်ဆုံး လက်လျှော့ပန်းပေးရသောအခါ သိလိုက်ရ သည်မှာကား ရင်ကွဲစရာ။ ဘာမျှမဟုတ်။ (မြန်မာ့စောင်း ကောက်) တဲ့ ဤနှစ်ချက်ကို သိရလျှင် အထက်ပါစကားထာ၏အဖြေကို သိနိုင်ပါသည်။ အဖြေက တခြားမဟုတ်ပါ စကားထာတဲ့။

စကားထာသည် လူမျိုးတိုင်း နိုင်ငံတိုင်း၏ သမိုင်းဦး ခေတ်ကတည်းက ပေါ်ပေါက်ခဲ့ပုံရပါသည်။ မြန်မာနိုင်ငံသမိုင်းဦးခေတ်တွင်

ထောင်ပေး၍ဆုတ်၊

ရာပေး၍ချုပ်၊

ချစ်တဲ့သူအရိုးဆံထိုးလုပ်-  ဆိုသော စကားထာပေါ် ခဲ့သည်ဟုစကားစဉ်ရှိပါသည်။ ထိုနည်းတူစွာ ရှေးရှေးက နိုင်ငံကြီးများတွင် စကားပုံခေတ်စားခဲ့သည်ကို မှတ်သားရဖူးပါသည်။

ငါးရာ့ငါးဆယ်နိပါတ်၊ အမှတ် ၃၃၉၊ ဗာဝေရုဇာတ်တွင် အိန္ဒိယနိုင်ငံမှ ပင်လယ်ခရီးဖြင့် ကုန်သည်တို့ သွားရောက်ကုန်ရောင်း ကုန်ဝယ်ပြုကြသော ဗာဝေရုနိုင်ငံဟူ၍ရှိပါသည်။ ယင်းနိုင်ငံကို ရှေးဟောင်းခေတ်အခါက ဗက်ဗီလုံးဟု ခေါ်ပါသည်။ နောင်သောအခါ မက်ဆိုပိုတေးမီးယားဟုတွင်ပါသည်။ ယခုအခါ အီရတ်နိုင်ငံဖြစ်ပါသည်။ ယူဖရေးတီးမြစ်နှင့် တိုင်ဂရစ်မြစ်တို့၏ မြစ်ဝှမ်းအရပ် ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ယဉ်ကျေးမှုစတင်ထွန်းကားရာ အရပ်အဖြစ် ထင်ရှားပါသည်။

(ဆက်လက်ဖော်ပြပါမည်)