၈ ဒီဇင်ဘာ
ပြည်တွင်းခရီးသွားများသာမက ကမ္ဘာလှည့်ခရီးသွားများပါ လာရောက်မှုများပြားသော ရှမ်းပြည်နယ်၏အထင်ကရ ဒေသန္တရတစ်နေရာ။ မြို့သို့မရောက်မီ နာမည်ကြီးမြင်းမူ ကုန်းတောင်ပေါ်ရှုခင်းများက အကွေ့အကောက် ကဗျာဆန်ဆန်လှသည့် ရောင်စုံပန်းချီကားတစ်ချပ်အလား မြင်တွေ့ခံစားရရှိသည်။
ကျယ်ပြန့်သာယာလှသော မော်တော်ကားလမ်းတစ်လျှောက် ဘေးနှစ်ဖက်တွင် ဖြောင့်တန်းမြင့်မားစွာပေါက်ရောက်နေသည့် ယူကလစ်မြိုင်များက လာရောက်လည်ပတ်သူတို့ကို ရွာငံမြို့မှ ခရီးဦးကြိုဆိုနှုတ်ခွန်းဆက်နေလေသည်။
တောင်ကြီးမှ မိုင် ၈၀ကျော်သာရှိသော ခရီးဖြစ်ပြီးအောင်ပန်းမြို့မှ ဆက်လက်ထွက်ခွာပါက ပင်းတယသို့သွားသော လမ်းခွဲများရှိသည်။ ဘော်ဆိုင်းသို့လည်း အလည်အပတ်ခရီးဆက်၍ သွားနိုင်သော လမ်းခွဲစုံလင်ခရီးတွင်သည့် ရွာငံ။
မိန်းမရဲတောင်၊ မြန်မာ့လွတ်လပ်ရေး သမိုင်းအတွက်တိုက်ပွဲဝင်ခဲ့သည့် ဗိုလ်မှူးကြီးဗထူး၏ ရာဇဝင်တည်ရာရွာရှိသည့် ရွာငံမြို့ဟုလည်း ဒေသခံများက ဆိုသည်။ တောင်ယာစိုက်ခင်း၊ လက်ဖက်ခင်းများ၊ ဂေါ်ဖီစိုက်ခင်း၊ ပန်းနှမ်းခင်းများနှင့် တောင်ယာစပါး စုပေါင်းရိတ်သိမ်းနေကြသည့် ဓနုတိုင်းရင်းသားတို့၏ ဓလေ့ရိုးရာများကို မြင်တွေ့ခံစား အမှတ်တရများ ရယူသွားနိုင်သော ရွာငံ။
အောက်ပြည်အောက်ရွာ အညာမြေထက် ဟင်းသီးဟင်းရွက်သီးနှံအစုံ၊ လိမ္မော်ခြံ၊ ကမ္ဘာမှာဒုတိယနေရာပိုင်ဆိုင်ထားသည့် အောဂဲနစ်စစ်စစ် ကော်ဖီစိုက်ပျိုးထုတ်လုပ်နိုင်သည့် ရွာငံ။ တောကျယ်ရေတံခွန်၊ အလယ်ချောင်ရေတံခွန် စီးဆင်းသာယာလှပသည့် ရေမြေတောတောင်များဖြင့် သဘာဝအလှအား ပိုင်ဆိုင်ထားသော ရွာငံ။
နွေဆိုသည်မရှိဟု ထင်မှတ်စရာ တစ်နှစ်ပတ်လုံးအေးမြခြင်း ရာသီဥတုကို ခံစားရရှိစေနိုင်သော ရွာငံမြို့၌မုန်လာ၊ ပန်းနှမ်း၊ ချင်း၊ ထောပတ်၊ ကန်စွန်းဥ၊ ချဉ်ပေါင်၊ပန်းသီး၊ လိမ္မော်၊ငရုတ်၊ ကြက်သွန်၊ နံနံ၊ မျှစ်၊ ဆလတ်၊ ပဲမျိုးစုံ စိုက်ပျိုးထွက်ရှိ ပေါများလှသည့်အပြင် ဆေးဖက်ဝင်သဘာဝသစ်ဥသစ်ဖုအရွက်များလည်း ထွက်ရှိသည်။
ရွာငံဈေးသည်တစ်ဦးက “အဲဒါ တစ်ပင်တိုင်မြနန်းလို့ ခေါ်တယ်။ အရွက်ကောအမြစ်ပါရောနှောပြီး ကျိုချက်သောက်လို့ ရပါတယ်။ ကင်ဆာရောဂါနဲ့ပတ်သက်တာတွေကို ကာကွယ် ပျောက်ကင်းစေပါတယ်” ဟူသောစကားနှင့်အတူ ရွာငံနယ်တစ်ဝိုက်၌ တစ်ပင်တိုင်မြနန်းဆေးပင်များလည်း များစွာပေါက်ရောက်တတ်လေ့ရှိကြောင်း ဗဟုသုတရရှိစေခဲ့သည်။
ရွာငံဒေသသို့ အလည်အပတ်ရောက်ရှိလာသူတိုင်းအား ဒေသခံရွာငံသူရွာငံသား ဓနုတိုင်းရင်းသားများ အားလုံးလိုလိုက ဖော်ရွေအပြုံးများ ကိုယ်စီကိုယ်စီဖြင့် “ရေနွေးလေးသုံးဆောင်လိုက်ပါဦးခင်ဗျာ၊ ခဏလောက်နားပါဦးရှင်၊ လိမ္မော်သီးလေးစားပါဦး၊ အလယ်ချောင်နဲ့ တောကျယ်ရွာကထွက်ရှိတဲ့ လိမ္မော်သီးလေးတွေက ချိုပါတယ်” ဆိုသည့် စကားသံဝဲဝဲက ဧည့်သည်တိုင်း၏ ဘဝင်နှလုံးအား ရွှင်ပြုံးစေသည်ဟု ခံစားမိပေသည်။
ရွာငံသူရွာငံသားတို့၏ပွင့်လင်းရိုးသားကာ ဖော်ရွေယဉ်ကျေးပြီး ခင်မင်ရင်းနှီးသူဖြစ်စေ၊ မသိသူဖြစ်စေ မည်သူကိုမဆို ဧည့်ဝတ်စကားဖြင့် လှိုက်လှဲပျူငှာစွာ နှုတ်ဆက်တတ်ကြသည့် ဓနုတိုင်းရင်းသားလူမျိုးစုတို့က ၎င်းတို့ကိုယ်ကိုယ်ရွှေဓနုတိုင်းရင်းသားဟု တင်စားသမုတ်ခေါ်ဆိုကြပေ၏။ စာရေးသူနှင့်လုပ်ဖော်ကိုင်ဖက်များ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မှတ်တမ်းရိုက်ကူးရေးမှအပြီး ရှမ်းပြည်နယ်တောင်ပိုင်း ရွှေဓနုတို့မြေခေါ် ပြည်တွင်း၊ ပြည်ပခရီးသွားများ အသွားအလာလည်ပတ်မှုများပြားလှသည့် ပင်းတယ၊ ရွာငံမြို့များရှိ အထင်ကရနေရာများသို့ အလည်တစ်ခေါက်သွားရောက်ခဲ့ကြသော ခရီးစဉ်တစ်ခုမှ ဓနုတိုင်းရင်းသား လူမျိုးများနှင့်ရွာငံဒေသသို့ တစ်ခေါက်တစ်ခါ အရောက်လာခဲ့စေလိုပါကြောင်းဖြင့် “သာယာသည့် ရွာငံ” ဟု တစေ့တစောင်း ဖော်ပြရေးသားလိုက်ရပါသည်။
စိုင်းဇော်လတ်(လင်းခေး)