ရှိန်းခန့်ဇော် (ပင်းတယ)

 

မြန်မာနိုင်ငံသည် တိုင်းရင်းသားများ ပေါင်းစုပြီး တည်ထောင်ထားသော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ တိုင်းရင်းသားတိုင်းသည် မိမိတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းကြကာ စားဝတ်နေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသကဲ့သို့ တိုင်းရင်းသား လူမျိုးအသီးသီးတွင် အခြားသော လုပ်ငန်းများဖြင့် အသက်မွေးကြသည်များလည်း ရှိ၏။ ထိုသို့သော တိုင်းရင်းသားတို့၏ အသက်မွေးမှုပြုရာတွင် လုပ်ငန်းမျိုးစုံ ရှိကြသည်မှာ အားလုံးအသိပင်ဖြစ်သည်။ သို့သော် တိုင်းရင်းသား လူမျိုးတစ်မျိုးနှင့်တစ်မျိုးသည် လုပ်ငန်းများ တူချင်တူလိမ့်မည်။ သို့သော် လုပ်ငန်းလုပ်ဆောင်ရာတွင် ဓလေ့များ မတူညီကြသည်များလည်း ရှိသည်။ ထိုသို့သော တိုင်းရင်းသားများထဲတွင် အမျိုးမျိုးသော လုပ်ငန်းများဖြင့် အသက်မွေး လုပ်ကိုင်နေကြသည့် ဓနုတိုင်းရင်းသားများလည်း အပါအဝင်ဖြစ်သည်။

 

ဓနုတိုင်းရင်းသားတို့သည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသော်လည်း အခြားသော လုပ်ငန်းများစွာဖြင့် အသက်မွေးကြရာတွင် အိုးလုပ်ငန်းဖြင့် အသက်မွေးကြသူများလည်း အပါအဝင်ဖြစ်သည်။

 

mdn

 

ယခင်က ဓနုဒေသအိုးလုပ်ငန်း

 

ရှေးနှစ်ပေါင်းများစွာက ဓနုဒေသတစ်ခွင်တွင် အိုးလုပ်ငန်းကို တွင်ကျယ်စွာ လုပ်ကိုင်ခဲ့ကြပေသည်။ အိုးလုပ်ငန်းများကို ဓနုဒေသ ပင်းတယမြို့နယ်ရှိ ရေဖြူကျေးရွာနှင့် အော်ယောရပ်ကွက်တွင် ဆယ့်နှစ်လရာသီမပျက် တွင်ကျယ်စွာ လုပ်ကိုင်ခဲ့ကြသည်။ အိုးလုပ်ငန်းများကို ဓနုဒေသ ပင်းတယမြို့နယ် ရေဖြူ ကျေးရွာတွင် ဦးစွာပထမ လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့သော အိုးလုပ်ငန်းများကို ရေဖြူကျေးရွာတွင် အိမ်တိုင်းလိုလိုပင် အသက်မွေးခြင်းအတွက် လုပ်ငန်းတစ်ရပ်အဖြစ် လုပ်ကိုင်ခဲ့ကြသည်။ ရေဖြူကျေးရွာမှ ထွက်ရှိလာသော အိုးများကို ဓနုဒေသတစ်ခွင်နှင့် တောင်ကြီး၊ မန္တလေး စသောမြို့ကြီးများအထိ တွင်ကျယ်စွာ တင်ပို့နိုင်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် အိုးလုပ်ငန်းများ တွင်ကျယ်လာသည်နှင့်အမျှ ရေဖြူကျေးရွာရှိ အိုးလုပ်ငန်းမှာ တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့ရသည်။ သို့သော် ထိုသို့သောရေဖြူကျေးရွာရှိ အိုးများကို ဝယ်ယူအသုံးပြုခဲ့သော ဓနုဒေသ ပင်းတယမြို့ အော်ယောရပ်ကွက်မှ လက်ဆင့်ကမ်းအမွေအဖြစ် ဆက်လက်ထိန်းသိမ်း ထားနိုင်ခဲ့သည်ဟု ဆိုရပေမည်။


ပင်းတယမြို့ရှိ အော်ယောရပ်ကွက်သည် ယခင်ကပင် ရေဖြူကျေးရွာမှ ပြုလုပ်သော အိုးအမျိုးမျိုးကို ဝယ်ယူအသုံးပြုခဲ့ကြသည်။ သို့သော်လည်း အိုးလုပ်ငန်းများကို အော်ယောရပ်ကွက်အထိ သယ်ဆောင်လုပ်ကိုင်ခဲ့ကြပေသည်။ လွန်ခဲ့သော နှစ်လေးဆယ်မှစတင်ပြီး ရေဖြူကျေးရွာတွင် အိုးလုပ်ငန်းများ ပျောက်ကွယ်သွားခဲ့သည်။ သို့သော် ရေဖြူကျေးရွာမှ ပြုလုပ်သောအိုးများကို အော်ယောရပ်ကွက်တွင် လက်ရှိအချိန်အထိ အသုံးပြုနေကြသည်ကို တွေ့မြင်နိုင်ပေသည်။ အော်ယောရပ်ကွက်သည် ရေဖြူကျေးရွာနှင့် လက်တွဲကာ အိုးများကို အသက်မွေးမှု လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်ခဲ့ကြသော်လည်း ရေဖြူကျေးရွာတွင် အိုးလုပ်ငန်းများ ပျောက်ကွယ်သွားခဲ့ပေသည်။ သို့သော် ယနေ့အထိ ဆက်လက် ထိန်းသိမ်းထားနိုင်သည့် အော်ယောရပ်ကွက်မှ အိုးလုပ်ငန်းသည် ဓနုဒေသရှိ အော်ယောအိုးဟု နာမည်ရလေသည်။

 

လက်ရှိ အော်ယောအိုး

 

အော်ယောရပ်ကွက်သည် ပင်းတယမြို့အတွင်းရှိ ၁၂ ရပ်ကွက်တွင် တစ်ရပ်ကွက် အပါအဝင်ဖြစ်သည်။ အောင်ပန်းဘက်မှ ပင်းတယဘက်သို့ လာမည်ဆိုလျှင် မြို့အဝင် ပင့်ကူရုပ်ကြီးနှင့်အတူ ဦးစွာပထမတွေ့မြင်ရသည့် ဓနုမင်းသား ကုမ္မာဘယသည် နတ်သမီးခုနစ်ဖော် ဂူအတွင်းမှ အော်သံကိုကြားသဖြင့် အော်ကြားဟု ခေါ်တွင်ရာမှ အော်ယောဟု အမည်တွင်လေသည့် ရာဇဝင်များ တည်ရှိသည့် ရပ်ကွက်တစ်ခုဟု ဆိုနိုင်ပေသည်။

 

အော်ယောရပ်ကွက်တွင် စိုက်ပျိုးရေးလုပ်ကိုင်သူများရှိသကဲ့သို့ အခြားသော စီးပွားရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုကာ လူအများစုပေါင်း နေထိုင်ကြသည်။ ထိုသို့သော အသက်မွေးဝမ်းကျောင်း ပြုရာတွင် အော်ယော ရပ်ကွက်တွင် ရှေးနှစ်ပေါင်းများစွာကတည်းက လုပ်ကိုင်ခဲ့ကြသော လုပ်ငန်းတစ်ခုဖြစ်သည့် အိုးလုပ်ငန်းသည်လည်း ရိုးရာအမွေတစ်ခုပင် ဖြစ်သည်။ အော်ယောရပ်ကွက်သည် ရှေးယခင်ကတည်းက အိုးလုပ်ငန်းများကို အိမ်တိုင်းလိုလိုပင် တွင်ကျယ်စွာ လုပ်ကိုင်ခဲ့ကြသည်။ ဓနုဒေသတစ်ခွင်နှင့် အခြားသော မြို့များသို့လည်း တင်ပို့ ရောင်းချနိုင်ခဲ့ကြသည်။ လက်ရှိအချိန်တွင် အော်ယော ရပ်ကွက်တွင် အိုးလုပ်ငန်းလုပ်ကိုင်သူ မိသားစု ငါးစုမျှသာ ရှိတော့သည်။

 

မြန်မာတို့၏ ရိုးရာအစဉ်အလာအရ ကျင်းပကြသော ပွဲလမ်းသဘင်များကို လိုက်၍လည်း ရောင်းအား မူတည်ပေသည်။ မြန်မာ့နှစ်သစ်ကူး အချိန်အခါများတွင် တာအိုးများ လှူဒါန်းကြသဖြင့် ရေအိုးနှင့် ရေချမ်းအိုးများမှာ တန်ခူးလတွင် အရောင်းကောင်းဆုံးဖြစ်ပြီး ဝါဆို၊ ဝါခေါင်၊ တော်သလင်း၊ သီတင်းကျွတ်နှင့် တန်ဆောင်မုန်းလများတွင် မီးထွန်းပွဲများ ကျင်းပကြသဖြင့် ဆီမီးခွက်များ၊ အမွှေးတိုင်ခွက်များ၊ ရေချမ်းအိုးများ၊ ဆွမ်းတော်အုပ်များ အရောင်းသွက်လှပေသည်။

 

mdn

 

တပေါင်းလတွင် ကျင်းပသော သဲပုံစေတီပွဲများတွင်လည်း ထိုသို့သော ဆီမီးခွက်များ၊ အမွှေးတိုင်ခွက်များ၊ ရေချမ်းအိုးများ၊ ဆွမ်းတော်အုပ်များ အရောင်း သွက်လှပေသည်။


ပွဲလမ်းသဘင်များတွင် ရောင်းချသည့် မြေဖြင့်ပြုလုပ်ထားသည့် ထမင်းအိုး၊ ဟင်းအိုး၊ လက်ဖက်ရည်အိုး၊ လက်ဖက်ရည်ပန်းကန်၊ ရေချမ်းအိုး၊ ရေအိုး၊ လင်ပန်း၊ ငရုတ်ဆုံ၊ ရေတကောင်းအိုး စသည့်အိုးပုတ်များကို ဝယ်ကြ ပြန်သည်။ အချို့သောဒေသများ၌ သီတင်းကျွတ်လတွင် နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်အား ဆွမ်း၊ ခဲဖွယ်များကို သပိတ်များဖြင့်ထည့်ကာ ပူဇော်ကပ်လှူခြင်းမျိုး မဟုတ်ဘဲ မြေအိုးမြေခွက်များတွင်ထည့်ကာ ကပ်လှူကြသည်။ ထိုသို့ ကပ်လှူထားသည့် ဆွမ်း၊ ခဲဖွယ်နှင့် အောက်ခံအိုး၊ ခွက်များကို မိမိတို့၏ စိုက်ပျိုးရေးပြုလုပ်သော မြေယာတွင် မြှုပ်နှံလေ့ရှိကြသဖြင့် အချို့သော အရပ်ဒေသများက သီတင်းကျွတ်လများတွင် အိုးများကို ထောင်ပြည့်အိုး၊ ရာပြည့်အိုး စသည်ဖြင့် မှာယူကြသည်များလည်းရှိသည်။

 

အော်ယောအိုး ပြုလုပ်ပုံအဆင့်ဆင့်

 

အော်ယောအိုးများသည် မြေနှစ်မျိုးကို ရောစပ်လုပ်ကိုင်ရသည်။ မြေနှစ်မျိုးမှာ မြေဖြူ (အဝါရောင် အနည်းငယ်သန်းသည့်မြေ)နှင့် မြေနီကို ရောစပ်အသုံးပြုရသည်။ ထိုသို့သော မြေနီများကို အော်ယောရပ်ကွက် တောင်ဘက်တွင်ရှိသော အိုးလုပ်၍ရသောမြေများရှိသဖြင့် အိုးတွင်းကုန်းဟု ခေါ်တွင်ကြသည့် တောင်ကုန်းမှ သွားရောက်တူးယူကြရသည်။ မြေနီတွင် သဲအနည်းငယ်ပါသည်။ သို့သော် အိုးလုပ်ရန်အတွက် ထိုမြေကို ထုချေရသည်။ ထုချေလိုက်သည့်အတွက် ပါလာသောသဲများကို ဖယ်ထုတ်ရသည်။ သဲများပါလျှင် အိုးရိုက်သည့်အခါ ကွဲထွက်လာတတ်သောကြောင့် ဖြစ်သည်။ မြေနီကို ထုချေပြီး လုံးဝအမှုန့် ဖြစ်သွားမှ ဆန်ခါဖြင့်ချရသည်။ ထိုသို့ ဆန်ခါဖြင့်ချရာတွင် ထွက်လာသော အမှုန့်များကိုသာ အသုံးပြုရပြီး အကြမ်းများကို အိုးဖုတ်ရာတွင် နောက်ဆုံးအဆင့်ဖြစ်သည့် မြေချဉ်သုတ်လိမ်းရာတွင် အသုံးပြုသည်။

 

မြေဖြူများကို ပင်းတယမြို့ မြောက်ဘက်အထွက်ရှိ မြောက်ကျောင်းကြီး ချောင်းထဲတွင် တူးယူရသည်။ မြေဖြူများသည် မထုချေရသေးသော်လည်း သဲများ ပါ၊ မပါ သိရှိနိုင်သည်။ မြေဖြူများသည် မြေကြီးအတွင်းဘက်တွင် တည်ရှိသဖြင့် သဲများပါရန် အလွန်ခဲယဉ်းပေသည်။ မြေဖြူများကို မြေနီကဲ့သို့ အမှုန့်ဖြစ်သည်အထိ ထုချေရန်မလိုပေ။ သဲများသန့်စင်ပြီး အတုံးငယ်ကလေးများ ဖြစ်လာလျှင် အမှုန့်ဖြစ်အောင် ပြုလုပ်ထားသော မြေနီမှုန့်ဖြင့် သမအောင် မွှေနှောက်ကာ ရေဖြင့်နှပ်ထားရသည်။

 

(ဆက်လက်ဖော်ပြပါမည်)