ရှိန်းခန့်ဇော်(ပင်းတယ)
နိဒါန်း
ဤလောကတွင် ရေမရှိသော ပင်လယ်၊ အပင်မရှိသော တော၊ အတောင်မပါသော ငှက်ဟူ၍ မပေါ်ပေါက်သေးပေ။ ထို့အတူ မျိုးရိုးဇာတိမဲ့သော လူသားဟူ၍ မမွေးဖွားသေးချေ။ ပင်လယ်မှန်လျှင် ရေရှိသည်။ သစ်တောမှန်လျှင် အပင်ရှိရသည်။ မီးဟူသမျှ အခိုးအလျှံရှိသကဲ့သို့ လူဟူသမျှ အမျိုးမာန်ရှိရ၏။
အမျိုးအနွယ်ကို စောင့်ထိန်းခြင်းသည် မြတ်သောမင်္ဂလာတစ်ပါးဖြစ်၏။ အမျိုးအနွယ်ကို စောင့်ထိန်းခြင်းမရှိပါက ယဉ်ကျေးမှု ရောယှက်ကာ လူမျိုးပျက်သုဉ်းနိုင်သည်။ ထို့ကြောင့် မိမိတို့ အမျိုးနွယ်၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ သာသာစကား၊ ဝတ်စားဆင်ယင်မှုတို့ကို တန်ဖိုးထား၊ လေစား ထိန်းသိမ်းသောအားဖြင့် တိုင်းရင်းသာ းအားလုံးသည် ရိုးရာဝတ်စုံကို စည်းလုံးညီညွတ်စွာဖြင့် ဝတ်ဆင်သင့်ပေသည်။
ဓနုတိုင်းရင်းသားလူမျိုးများ ဆင်းသက်လာပုံ
မြန်မာနိုင်ငံရှိ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း ဟူသည့် တိုင်းရင်းသား မျိုးနွယ်စုကြီးများတွင် မိမိတို့၏ ကိုယ်ပိုင်ရိုးရာ ဝတ်စားဆင်ယင်မှုရှိကြသည်။ ထိုသို့ တိုင်းရင်းသား မျိုးနွယ်စုကြီးများကို လေ့လာကြည့်မည်ဆိုလျှင် တိုင်းရင်းသားပေါင်း ၁၃၅ မျိုးရှိသည့်အနက် မြန်မာနိုင်ငံတွင် လူဦးရေအများဆုံး နံပါတ် ၁၀ စာရင်းဝင်ပြီး ရှမ်းပြည်နယ်တွင် လူဦးရေ အများဆုံး စာရင်းတွင် နံပါတ် ၄ နေရာတွင်ရှိသည့် "ဓနု" တိုင်းရင်းသား လူမျိုးများတွင်လည်း မိမိတို့၏ကိုယ်ပိုင် ဝတ်စားဆင်ယင်မှုဖြင့် နေထိုင်ကြသည့် လူမျိုးများထဲတွင် အပါအဝင်ဖြစ်သည်။
"ဓနုတိုင်းရင်းသား" ဟူသည် "လေးအတတ်ကို တစ်ဖက်ကမ်းခတ်တတ် မြောက်သောလူမျိုး" ဟု သမိုင်းတွင်လေသည်။ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာသော မွန်၊ ခမာ၊ တိဗက်၊ ယိုးဒယား၊ တရုတ် စသည့်အုပ်စုများ ဝင်ရောက်လာရာ ဓနုတိုင်းရင်းသားတို့သည် တိဗက်-မြန်မာ အုပ်စုမှ ဝင်ရောက်လာသည့် လူမျိုးများ ဖြစ်သည်။ ဓနုလူမျိုးများသည် မြန်မာပြည် အရှေ့ခြမ်းနှင့် ရှမ်းပြည်နယ်အနောက် ခြမ်းအကြားတွင်ရှိသော တောင်မြောက်သွယ်တန်းနေသည့် ရှမ်းမြေလတ် တစ်ကြောတွင် ရှေးယခင်ကတည်းက နေထိုင်ခဲ့ကြခြင်းဖြစ်သည်။ ဓနုလူမျိုးသည် စိုက်ပျိုးရေးဖြင့် အသက်မွေးသော လူမျိုးများဖြစ်သည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် အမျိုးသားညီလာခံ
ဓနုလူမျိုးတို့၏ သမိုင်းစာမျက်နှာများကို ပြန်လှန်ကြည့်မည်ဆိုလျှင် များစွာသော အကြောင်းကိစ္စများကို ခိုင်မာသော အထောက်အထားများဖြင့် တွေ့မြင်နိုင်သော်လည်း ၂၀၁၀ ပြည့်နှစ် သြဂုတ် ၂၀ ရက် မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ် ဝါခေါင်လဆန်း ၁၀ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ စာအမှတ် (၃၃/၂၀၁၀) ဖြင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် အသိအမှတ် ပြုပြီးသည့်နောက်ပိုင်းသို့ ရောက်သော် ဓနုလူမျိုးတို့သည် မိမိတို့၏ ရိုးရာယဉ်ကျေးမှုနှင့် တိုင်းရင်းသားအရေး၌ များစွာသော လိုအပ်ချက်များ ရှိနေသည်ကို တွေ့ရသဖြင့် စည်းလုံးညီညွတ်သော လူမျိုးစု ဖြစ်လာနိုင်ရေးအတွက် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၆၊ ၂၇ )ရက်နေ့ မြန်မာ သက္ကရာဇ် ၁၃၇၉ ခုနှစ် နတ်တော်လဆန်း (၈၊ ၉) ရက်တွင် ပင်းတယမြို့ရှိ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခန်းမတွင် ဓနုအမျိုးသား ညီလာခံကို ကျင်းပနိုင်ခဲ့သော လူမျိုးစုတစ်စုဖြစ်သည်။
ထိုသို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၆၊ ၂၇) ရက်နေ့တွင် ဓနုလူမျိုးတစ်စုလုံးကို သမိုင်းတွင်စေခဲ့သည့် ဓနုအမျိုးသား ညီလာခံကြီးကို ကျင်းပခဲ့ရာတွင် ဓနုတစ်မျိုးသားလုံးကို လွှမ်းခြုံနိုင်မည့် (၁) အဖွဲ့ချုပ်အမည်၊ (၂) ဓနု အမျိုးသားအလံ၊ (၃) ဓနုအမျိုးသားသီချင်း၊ (၄) ဓနုအမျိုးသားနေ့နှင့် (၅) ဓနုအမျိုးသား၊ အမျိုးသမီးဝတ်စုံများကို ဒီမိုကရေစီ နည်းလမ်းကျကျ မြို့နယ်အသီးသီးမှ တက်ရောက်လာကြသော ဓနုအမျိုးသား ကိုယ်စားလှယ်များ၏ ဆန္ဒမဲစနစ်ဖြင့် မဲခွဲရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။
ယခင်က ဓနုတိုင်းရင်းသားဝတ်စုံ ဒီဇိုင်းနှင့်ဝတ်ဆင်ပုံ
ယခင်က ဓနုအမျိုးသား ဝတ်စုံများမှာ ပင်နီရောင် ရှမ်းဘောင်းဘီ၊ တိုက်ပုံ၊ အဖြူရောင်ရှပ်အင်္ကျီနှင့် မျက်နှာသုတ်ပဝါကို ခေါင်းပေါင်းပေါင်းကြပြီး ဓနုအမျိုးသမီးဝတ်စုံမှာ ရှေ့ဘက်တွင် အနက်ရောင် အစင်းနှစ်ခုပါသည့် အနီရောင် ခါးတင်လက်ရှည်အင်္ကျီနှင့် အနီရောင်အပြားကြီး နှစ်ရစ်ပါပြီး ထိုနှစ်ရစ်အကြားတွင် အနီရောင် အရစ်ငယ်များကို ထည့်ထားသည့် ထဘီကို သတ်မှတ်ဝတ်ဆင်ခဲ့ကြသည်။ အမျိုးသမီး ခေါင်းပေါင်းကိုလည်း ထိုအရောင်အဖြစ် သတ်မှတ်ကာ ဦးခေါင်းတွင် ရိုးရိုးအပြားလိုက် ပတ်တင်လျက် ဝတ်ဆင်ကြသည်။
ဓနုအမျိုးသားပွဲတက်ဝတ်စုံဒီဇိုင်းနှင့်ဝတ်ဆင်ပုံ
ထိုစဉ်က အမျိုးသားပွဲတက်ဝတ်စုံ ပုံစံအတိုင်း ပင်းတယမြို့နယ်မှ ၂၀၁၇ ခုနှစ် နိုဝင်ဘာ (၂၆၊ ၂၇) ရက်တွင် ကျင်းပခဲ့သော ဓနုအမျိုးသား ညီလာခံတွင် ဓနုအမျိုးသားဝတ်စုံကို တင်သွင်းခဲ့ရာ ညီလာခံသို့တက်ရောက်လာကြသော ဓနုအမျိုးသားကိုယ်စားလှယ်များ၏ ဆန္ဒမဲအများဆုံး ၁၇၅ မဲဖြင့် ရွေးချယ်ခံခဲ့ရသည်။
ရွေးချယ်ခံရသော ဓနုအမျိုးသားဝတ်စုံမှာ ယခင်ပုံစံအတိုင်းဖြစ်သည်။ ထိုသို့သော အမျိုးသားဝတ်စုံ၏ ချုပ်လုပ်ထားသည့်ပုံစံနှင့် အဓိပ္ပာယ်ဖွင့်ဆို ချက်များမှာ -
(၁) ခေါင်းပေါင်း။ ။ဓနုအမျိုးသားများ၏ ခေါင်းပေါင်းမှာ ပန်းရောင် ချည်တဘက်ဖြစ်သည်။ (တဘက်ကိုအသုံးပြုရခြင်း။ ကိုယ်လက်သန့်စင်နိုင်ခြင်း၊ နေ၊ လေကာကွယ်နိုင်ခြင်း၊ ခေါင်းအုံး၊ ခြုံထည် ပြုလုပ်နိုင်ခြင်းတို့ကြောင့် အသုံးပြုကြသည်။)
(၂) အင်္ကျီ။ ။အင်္ကျီ၏အရောင်မှာ ၃၈/၁ ( Colour နံပါတ် ၃၈ ဖြစ်ပြီး Batch နံပါတ် ၁) ဖြစ်သည်။ အင်္ကျီမှာရင်ခွဲဖြစ်ပြီး ကြယ်သီးနှစ်လုံးတွဲ ငါးစုံပါရှိသည်။ ဘယ်ဘက်တွင် ကြယ်သီးကွင်း နှစ်လုံးတွဲ ငါးစုံနှင့် ညာဘက်တွင် ကြယ်သီးနှစ်လုံးတွဲ ငါးစုံပါရှိသည်။ မြန်မာ့ ရိုးရာဝတ်စုံမှ တိုက်ပုံကဲ့သို့ လယ်ဂျာဗြက် သုံးလက်မပါရှိသည်။ အင်္ကျီ၏ ရှေ့မျက်နှာရှိ ရင်လွှာ၏ အပြင်ဘက်တွင် အိတ်ကပ်ပါရှိသည်။ အိတ်ကပ် နှစ်မျိုးရှိသည်။ ၎င်းတို့မှာ ဖောက်အိတ်ကပ်နှင့် တင်အိတ်ကပ်တို့ဖြစ်သည်။ ဖောက်အိတ်ကပ်ကို အသက်အရွယ်ကြီးသူများတွင် ဝတ်ဆင်ကြပြီး တင်အိတ်ကပ်ကို လူငယ်များ ဝတ်ဆင်ရန်အတွက် ချုပ်လုပ်ကြသည်။ အိတ်ကပ်၏ပုံစံမှာ ရင်လွှာနှစ်ခု၏ မျက်နှာချင်းဆိုင်ဘေးထိုး (ဓနု အခေါ်အဝေါ် ဖဲထိုး) အိတ်ကပ်ရှည်ပါရှိပြီး ထိုဘေးထိုး အိတ်ကပ်ရှည်ပေါ်တွင် အိတ်ကပ်ထောင် အငယ်ထပ်မံပါရှိသည်။
(၃) ဘောင်းဘီ။ ။ဓနုအမျိုးသားဘောင်းဘီမှာ ရှမ်းအမျိုးသားများ ဝတ်ဆင်သော ဘောင်းဘီပုံစံအတိုင်းသာ ဖြစ်ပြီး အရောင်သာကွဲလွဲသည်။ ဓနုအမျိုးသားများ၏ ဘောင်းဘီအရောင်မှာ အင်္ကျီ အရောင် ၃၈/၁ ( Colour နံပါတ် ၃၈ ဖြစ်ပြီး Batch နံပါတ် ၁) အတိုင်း ဖြစ်သည်။
(၄) ခါးစည်းကြိုး။ ။ ဓနုအမျိုးသားများ၏ ခါးစည်းကြိုးမှာလည်း ခေါင်းပေါင်းအရောင်ကဲ့သို့ ပန်းရောင်ပင်ဖြစ်သည်။ ထိုစဉ်က အမျိုးသမီး ပွဲတက်ဝတ်စုံအတိုင်း ပင်းတယမြို့နယ်တွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာ (၂၆၊ ၂၇)ရက်က ကျင်းပခဲ့သော ဓနုအမျိုးသားညီလာခံတွင် ဓနုအမျိုးသမီးဝတ်စုံကို တင်သွင်းခဲ့ရာ ညီလာခံသို့ တက်ရောက်လာကြသော ဓနုအမျိုးသား ကိုယ်စားလှယ်များ၏ ဆန္ဒမဲအများဆုံး ၁၄၇ မဲဖြင့် ရွေးချယ်ခံခဲ့ရသည်။
ရွေးချယ်ခံရသော ဓနုအမျိုးသမီးဝတ်စုံမှာ ယခင်ပုံစံအတိုင်းဖြစ်သည်။ ထိုသို့သော အမျိုးသမီးဝတ်စုံ၏ ချုပ်လုပ်ထားသည့်ပုံစံမှာ -
ဓနုအမျိုးသမီးပွဲတက်ဝတ်စုံ၏ဒီဇိုင်းနှင့် ဝတ်ဆင်ပုံ အမျိုးသမီး ခေါင်းဆောင်းတဘက်ရောင်စုံမှာ တင့်တယ်လှပခြင်း၊ အမျိုးသမီးဝတ်စုံ အနီရောင်သည် ရဲရင့်ခြင်း၊ ပြတ်သားခြင်း၊ သွေးစည်းခြင်း၊ လုံချည်အောက်ခံ အနက်ရောင်မှာ အလှတရား၏ လျှို့ဝှက်နက်နဲမှု၊ လုံချည်တွင်ပါသော
(က) ဗြက်ကြီးနှစ်လိုင်းသည် အလှတရား၊ သစ္စာတရားကို ဖော်ညွှန်းခြင်း၊
(ခ) ဗြက်သေးသုံးလိုင်းသည် စိတ်ထားဖြူစင်ခြင်း၊ ရိုးသားခြင်း၊ ဖော်ရွေခြင်းတို့ကို ဖော်ညွှန်းခြင်းနှင့်
(ဂ) ဗြက်သေးခုနှစ်လိုင်းသည် အမျိုးသမီးတို့၏ ရှေ့ခေတ်ဟောင်း အရွယ်ခုနစ်ပါးဖြစ်သော-
(၁) ဂေါရိအရွယ် - ၇ နှစ်နှင့်အထက်
(၂) ကညာအရွယ် - ၁၀ နှစ်နှင့်အထက်
(၃) ကုမ္မာရီအရွယ် - ၁၂ နှစ်နှင့်အထက်
(၄) သွေးစုန်းအရွယ် - ၁၃ နှစ်နှင့်အထက်
(၅) မျက်မည်းအရွယ် - ၁၅ နှစ်နှင့်အထက်
(၆) မျက်ဝန်းအရွယ် - ၂၀ နှစ်နှင့်အထက်
(၇) မျက်ညွတ်အရွယ် - ၂၅ နှစ်နှင့်အထက် တို့ကို ဖော်ညွှန်းပါသည်။
ဓနုအမျိုးသမီးကြီး၊ လတ်၊ ငယ်အရွယ် ခုနစ်ပါး၊ အမျိုးသမီးတိုင်း ဝတ်စားဆင်ယင်နိုင်ကြောင်းကို ဖော်ပြထားခြင်းဖြစ်သည်။ လုံချည် အနက်ရောင် ပေါ်တွင်ပါဝင်သော ဗြက်များသည် အင်္ကျီအရောင်နှင့် အတူတူ ဖြစ်သည်။
အမျိုးသမီးတို့သဘာဝအရ မိမိတို့နှင့်ပတ်သက်သော အရောင်များကို ရွေးချယ်ဝတ်ဆင်သော်လည်း အခမ်းအနား ပွဲလမ်းသဘင်တွင် ဓနုလူမျိုးတို့၏ သွေးစည်းချစ်ခင်မှုကို ပြသသောအနေဖြင့် အနီရောင်ဝတ်စုံကို ဝတ်ဆင်သင့်ပါသည်။ အင်္ကျီပုံစံများကိုလည်း မူရင်းပုံစံ ပျောက်သွားသည်အထိ အဆန်းထွင် မချုပ်မိစေရန်လည်း သတိပြုကြရမည်ဖြစ်သည်။
နိဂုံး
ဓနုတိုင်းရင်းသားများ၏ ရိုးရာဝတ်စုံတွင် အမျိုးသားများတွင် ခေါင်းပေါင်းနှင့် ခါးစည်းကြိုးမှာ ပန်းရောင်၊ အင်္ကျီနှင့် ဘောင်းဘီအရောင် မှာ အင်္ကျီအရောင် ၃၈/၁ ( Colour နံပါတ် ၃၈ ဖြစ်ပြီး Batch နံပါတ် ၁) ဖြစ်သည်။ အမျိုးသမီးဝတ်စုံများမှာ တဘက်တွင်ရောင်စုံပါဝင်ပြီး ဒီဇိုင်းမျိုးစုံ ပုံဖော်နိုင်သည်။ အင်္ကျီအရောင်မှာ အနီရောင်ဖြစ်ပြီး လုံချည်အောက်ခံမှာ အနက်ရောင်ဖြစ်ကာ ဗြက်လိုင်းများကို အနီရောင်ဖြင့် (၃-၇-၃) ဟူသည့် လိုင်းဖြင့် ချုပ်လုပ်ဝတ်ဆင်ကြသည်။ ထိုသို့ ဓနုတိုင်းရင်းသား ရိုးရာဝတ်စုံများကို ပွဲလမ်းသဘင်များတွင် ပွဲတက်ဝတ်စုံအဖြစ် အထက်ပါ သတ်မှတ်ချက်များအတိုင်း ဝတ်ဆင်ရန် အတည်ပြုထားကြပြီး ပွဲလမ်းသဘင် မဟုတ်သည့်အချိန်အခါများတွင် ဝတ်ဆင်ရန် မိမိတို့ ကြိုက်နှစ်သက်ရာ အရောင်များဖြင့် ချုပ်လုပ်ဝတ်ဆင်နိုင်သော်လည်း သတ်မှတ်ထားသည့် ချုပ်လုပ်ပုံထက် ပိုမိုအဆန်းထွင်ခြင်းကို ခွင့်မပြုပေ။
ထိုသို့သော တိုင်းရင်းသားများ၏ ရိုးရာဝတ်စုံဟူသည် တစ်ဦးတစ်ယောက်တည်း သတ်မှတ်တီထွင်ထားခြင်း မဟုတ်။ လူအများ သဘောတူညီချက်များကို ရယူကာ အတည်ပြု သတ်မှတ်ထားခြင်းဖြစ်သည်။ “တောင်းမှာအကွပ် လူမှာအဝတ်” ဟူသည့် ဆိုရိုးစကားနှင့်အညီ လူသားတိုင်းသည် အဝတ်အစားများကို ဝတ်ဆင်ကြရာတွင် လှပအောင်ဝတ်ဆင်ကြသည်။ ထိုသို့အဝတ်အစားများကို ဝတ်ဆင်ကြရာတွင် တိုင်းရင်းသားတိုင်းတွင် ကိုယ်ပိုင်အဝတ်အစားများ ရှိကြသည်။ ထိုသို့သော ချစ်စရာ့ တိုင်းရင်းသားများ၏ ရိုးရာဝတ်စား ဆင်ယင်မှုများမှာ ဝယ်ယူ၍ မရနိုင်သကဲ့သို့ ခိုးယူ၍မရသော အရာဖြစ်သည်။ မိမိတို့၏ ရိုးရာဝတ်စုံများကို မြတ်နိုးပါ။ တန်ဖိုးထားပါ။ မိမိတာဝန်ကို မိမိသိသည့် တာဝန်ကျေသူတစ်ဦး ဖြစ်နိုင်ကြပါစေ။ ။
မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများသည် မိမိတို့၏ ရိုးရာဝတ်စားဆင်ယင်မှုများကို တာဝန်တစ်ရပ်အနေဖြင့် ထိန်းသိမ်းထားသင့်ပေသည်။ ယနေ့ခေတ်တွင် အနောက်တိုင်းရိုးရာများ ဝင်ရောက်လာခြင်းနှင့်အတူ ခေတ်မီဖွံ့ဖြိုး တိုးတက်နေသောအချိန်အခါတွင် ပိုမိုအလေးထား ဆောင်ရွက်သင့်ပေသည်။ ။
ကြေးမုံ