၁၃ ဒီဇင်ဘာ
အသည်းရဲ့ အဓိကအလုပ်ကတော့ အစာခြေလမ်းကြောင်းထဲကထွက်လာတဲ့သွေးတွေကို သန့်စင်ပေးဖို့ပဲ ဖြစ်ပါတယ်။ နောက်ပြီး ခန္ဓာကိုယ်ထဲဝင်ရောက်လာတဲ့ ဓာတုဓာတ်အမျိုးမျိုးနဲ့ သောက်သုံးလိုက်တဲ့ ဆေးဝါးတွေကို ချေဖျက်ပေးတာ၊ သွေးခဲတဲ့လုပ်ငန်းစဉ်မှာလိုအပ်တဲ့ ပရိုတင်းဓာတ် ထုတ်လုပ် ပေးတာတွေလည်း လုပ်ဆောင်ပေးနေပါတယ်။ ပြောရရင်တော့ အသည်းဆိုတာ ခန္ဓာကိုယ် ဇီဝဖြစ်ပျက်မှုတွေ ပုံမှန်ဖြစ်နေဖို့အတွက် အရမ်းအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမဲ့ အခုပြောမယ့် အလေ့အကျင့်တွေလုပ်နေမိပြီဆိုရင် အသည်းကိုတဖြည်းဖြည်းပျက်စီးစေနိုင်တယ်နော်။ ဘာတွေကိုဂရုစိုက်ရမလဲဆိုတာ တစ်ချက်လောက် လေ့လာကြည့်လိုက်ပါဦး။
၁. အချိုတွေအရမ်းစားတာ
အချိုတွေအစားများရင် သွားပျက်စီးတတ်တယ်ဆိုတာ အတော်များများသိပေမဲ့ အသည်းကိုပါ ထိခိုက်နိုင်တယ်ဆိုတာ သိပါသလား။ အသည်းကအဆီပြုလုပ်ဖို့အတွက် fructose ဆိုတဲ့ သကြားဓာတ် လိုအပ်ပါတယ်။ ပြုပြင်ထားတဲ့သကြားနဲ့လုပ်ထားတဲ့အချိုမုန့်တွေအစားများရင် အသည်းမှာ အဆီတွေ လိုတာထက် ပိုများလာပြီးအသည်းရောဂါဖြစ်လာစေမှာပါ။ ဒါ့ကြောင့် အမြဲတမ်း လျှာအလိုမလိုက်မိ ဖို့လိုမယ်နော်။
၂. ဖြည့်စွက်စာတွေ အကုန်လျှောက်သောက်တာ
အခုခေတ်မှာ ဖြည့်စွက်စာတွေမှီဝဲတာအတော်လေးကျယ်ပြန့်လာတာ တွေ့ရပါတယ်။ “ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ သက်စောင့်ဓာတ်တွေပါဝင်တယ်၊ သဘာဝအတိုင်းထုတ်လုပ်ထားလို့ စိတ်ချလက်ချ သောက်သုံးနိုင်ပါတယ်” စသည်ဖြင့် အမျိုးမျိုး ကြော်ငြာနေကြပေမဲ့ တကယ်တမ်းကျတော့ ဖြည့်စွက်စာ အချို့မှာပါတဲ့ဓာတ်တွေက အသည်းရဲ့ပုံမှန်လုပ်ငန်းဆောင်တာကို ထိခိုက်စေတတ်ပါတယ်။ ဥပမာပြောရရင် ဗီတာမင်အေ ဓာတ်ကိုကျွန်တော်တို့ခန္ဓာကိုယ်က လိုအပ်တာမှန်ပေမဲ့ လိုအပ်တဲ့ ပမာဏထက် အများကြီးပိုပါနေတဲ့ဆေးတောင့်တွေသောက်သုံးမိရင် အချိန်ကြာလာတဲ့အခါ အသည်း အဆိပ်သင့်တဲ့အထိဖြစ်နိုင်ပါတယ်။
၃. အဆီပိုတွေများနေရင်လျှော့နိုင်အောင်ကြိုးစားပါ
အရက်မသောက်ဘဲနဲ့လည်း အသည်းရောဂါဖြစ်နိုင်တယ်နော်။ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်ပိုနေတာ၊ အဝလွန်နေတာ၊ အထိုင်များတာ၊ ဆီးချိုရောဂါရှိတာ စတာတွေအကုန်လုံးက အချိန်ကြာလာရင် အသည်းမှာ ပိုလျှံတဲ့အဆီတွေစုလာစေပြီး အသည်းကိုပုံမှန်ထက်မာကျောလာစေပါတယ်။ ကြာလာရင် အသည်းခြောက်တဲ့အထိ ဆိုးဝါးသွားနိုင်ပါတယ်။ ဒါ့ကြောင့်ကိုယ့်ရဲ့ ခန္ဓာကိုယ်အလေးချိန်ကရှိသင့်တဲ့ အတိုင်းအတာအတွင်းရှိသလား ပြန်ဆန်းစစ်ပါ၊ လိုအပ်ရင်လေ့ကျင့်ခန်းတွေလုပ်ပါ၊ အစားအသောက်ကို စနစ်တကျ စားသောက်ပေးပြီး ကိုယ်အလေးချိန်ပြန်ထိန်း နိုင်ပါတယ်။
၄. အချိုရည်တွေ (soft drink) တွေလျှော့သောက်ပါ
လေ့လာမှုတွေအရ အသင့်ထုတ်အချိုရည်တွေမှန်မှန်သောက်လေ့ရှိသူတွေက အသည်းအဆီဖုံးရောဂါ ပိုဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။ ဖြစ်နိုင်ရင် သဘာဝသစ်သီးကိုလတ်လတ်ဆက်ဆက်ဖျော်ထားတဲ့ ဖျော်ရည်ပဲသောက်သုံးပေးပါ။ ဒါမှမဟုတ် ရေဆာချိန်မှာ ရေပဲသောက်သုံးပေးပါ။ သန့်ရှင်းတဲ့ရေကို ဘယ်အချိုရည်၊ ဖျော်ရည်မှ အစားမထိုးနိုင်ပါဘူး။
၅. အကိုက်အခဲပျောက်ဆေးသောက်မယ်ဆို ဂရုစိုက်ပါ
ခေါင်းကိုက်လို့ဖြစ်ဖြစ်၊ ကျောနာလို့ဖြစ်ဖြစ်၊ အအေးမိလို့ဖြစ်ဖြစ် အကိုက်အခဲသက်သာ ဆေးသောက်သုံး ရနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လောက်သောက်ရမလဲဆိုတာတော့ သိထားသင့်တယ်နော်။လိုတဲ့ ဆေးပမာဏထက် ပိုသောက်မိရင် ပိုလျှံတဲ့ဆေးကိုအသည်းက ခြေဖျက်ရတဲ့အတွက် အသည်းမှာ ဝန်ပိုပိလာစေပြီး ဘေးဥပဒ်ဖြစ်စေပါတယ်။
၆. ပြုပြင်ဆီပါတဲ့မုန့်တွေရှောင်ပါ
အသင့်စားကိတ်မုန့်တွေ၊ ကွတ်ကီးတွေမှာ ပြုပြင်ထားတဲ့အဆီတွေပါဝင်ပါတယ်။ ပြုပြင်ဆီပါဝင်မှုများတဲ့ အစားအသောက်တွေစားလေ ပိုဝလာနိုင်လေပါပဲ။ အပေါ်မှာပြောခဲ့သလိုပဲ ကိုယ်အလေးချိန်တက်လာက အသည်းကျန်းမာရေးအတွက် လုံးဝမကောင်းပါဘူး။ ဒါ့ကြောင့် အစားအသောက်ဝယ်စားပြီဆို ထုပ်ပိုးတဲ့ ဗူးပေါ်မှာရေးထားတဲ့ ပါဝင်ပစ္စည်းတွေကို သေချာဖတ်ဖို့လိုအပ်တယ်နော်။
၇. အရက်လျှော့သောက်ပါ
အရက်သောက်လေ အသည်းခြောက်လေဆိုတာတော့ လူတိုင်းသိပြီးသားဖြစ်မှာပါ။ ဒါပေမဲ့ ပမာဏ ဘယ်လောက်သောက်ရင် အသည်းထိခိုက်လဲဆိုတာတော့ လူတိုင်းသေချာမသိပါဘူး။ ကိုယ်က အရက်အမြဲသောက်နေကျ မဟုတ်ရင်တောင် တခါတလေမှာ သောက်သင့်တာထက် ပိုသောက်မိတတ် ပါတယ်။ ဒါဆိုတစ်ရက်ကိုဘယ်လောက်ပဲ သောက်သုံးသင့်သလဲ? တစ်ရက်ကို အရက် ၁ ဒသမ ၆ အောင်စလောက်ပဲ သောက်သုံးသင့်ပါတယ်၊ ၁ ဒသမ ၆ အောင်စဆိုတဲ့ ပမာဏက ပုံမှန်အရက်ခွက် တစ်ခွက်ရဲ့ တစ်ဝက်ကျော်ကျော်လောက်ရှိပါတယ်။
၈. အသည်းရောဂါများလည်း ဂရုစိုက်ပါ
အသည်းရောင်အသားဝါ စီပိုး၊ ဘီပိုး လိုရောဂါတွေက လူတစ်ယောက်ကနေတစ်ယောက်ကို အရမ်းကူးစက် မြန်ပါတယ်။ ဝင်ရောက်သွားတဲ့ရောဂါပိုးတွေကနေ အသည်းခြောက်ရောဂါ၊ အသည်းကင်ဆာ ရောဂါတွေအထိ ဆက်စပ်ဖြစ်ပွားနိုင်တာကြောင့်အတော်လေး သတိထားဖို့ လိုအပ်ပါတယ်။ အသည်းရောင်အသားဝါဘီပိုးကို အခုခေတ်မှာတော့ ကာကွယ်ဆေးထိုးပြီး ကြိုတင်ကာကွယ်လို့ ရနေပြီဖြစ်ပါတယ်။
ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”