၈ မတ်
သတင်းလုလင်
“သစ်ပင်မြစ်ချောင်း၊ နို့ကောင်းနွားမ၊ ဤကာယကား၊ သီးခါတန်သီး၊ စီးမြဲစီးလျက်၊ ဒီးဒီးယိုကျ၊ ကျိုးဆောင်ရ၏” ဟူသော ရှေးသူဟောင်းတို့၏ ဆုံးမဩဝါဒစကားကထာကို ကျွန်ုပ်ဖတ်ရှုရလေသောအခါ လူသားတို့အား အသိတရားမျှဝေပေးနေသော ပညာရှိ သူတော်ကောင်းအပေါင်းတို့ကိုရိုသေလေးမြတ်စွာ ရှိခိုးဦးခိုက်မိလေ၏။ သစ်ပင်အသီးသီးခြင်းသည် သူ့ကိုယ်ကျိုးအတွက်မဟုတ်မူ၍ လူနှင့် တိရ္ဆာန်တို့ စားသုံးရန်အတွက်ဖြစ်သည်၊ မြစ်ချောင်းများစီးဆင်းနေခြင်းသည် သူ့ကိုယ်ကျိုးအတွက်မဟုတ် သတ္တဝါခပင်းအတွက်သာဖြစ်သည်၊ နွားမများ နို့ရည်ယိုစီးခြင်းသည်လည်း သူ့ကိုယ်ကျိုးအတွက်မဟုတ် သူ့သားပေါက်လေးများနှင့် သတ္တဝါများအတွက်ဖြစ်သည် ဟူသောသဘောတရားကို စေ့ငုမိရင်း လောကလူသားများအတွက် ပါဝင်လုပ်ဆောင်ကြရန် အရေးကြီးပုံကို ကျွန်ုပ်ထောက်ချင့်မိလေသည်။ ဤလောက၌ “ပရသမား” တို့က ပရဟိတလုပ်ငန်းတို့တွင် ကိုယ်ကျိုးစွန့် အနစ်နာခံကာ မနားမနေကြိုးပမ်းအားထုတ်လျက်ရှိကြကုန်၏။
ဤတွင်ရွေ့ကား ကျွန်ုပ်အနေဖြင့် ပရသမားအများထဲမှ ထူးထွေတည့်အံ့ရာ လူသားအလွှာတွင်ပါဝင်သော စာရေးဆရာကြီးများနှင့် သတင်းသမားကြီးများကို ဝေဖန်တိကပြုရန် အာရုံဝင်စားမိလေ၏။
ယခုတစ်လော ကျွန်ုပ်တို့၏နိုင်ငံတော်၌ “သတင်းလွတ်လပ်ခွင့်” ဘယ်သို့ဘယ်ညာ ပြောဆိုသံများကို ကြားသိရသည့်အခိုက် စာပေနှင့် သတင်းလွှာတို့အရ တိုင်းပြည်နှင့် လူမျိုးအတွက် ပေးဆပ်လျက်ရှိကြကုန်သော လူပုဂ္ဂိုလ်များ၏ ဘဝဖြစ်ထွေများကို ငဲ့စောင်းကြည့်လိုစိတ်ဖြစ်ပေါ်မိ၏။ သတင်းလွတ်လပ်ခွင့်(ဝါ) မီဒီယာလွတ်လပ်ခွင့်ဟူသည်ကား မည်သည့်နိုင်ငံတွင်မဟူ သာတူညီမျှ ဂရုမူကြရသည့် ပြည်သူ့အခွင့်အရေးတစ်ရပ်ပါပေတည်း။
နယ်စည်းမထား သတင်းထောက်များအဖွဲ့၏ ထုတ်ပြန်ချက်တစ်ရပ်၌ ဖော်ပြထားသည်မှာကား ၂၀၁၇ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် သတင်းမီဒီယာသမား ၂၆၂ ဦး ဖမ်းဆီးအပြစ်ပေးခံခဲ့ရသည်ဟု ကျွန်ုပ်သိရှိရသောအခါ သတင်းသမားတွေ ဘေးဘယာဝေးကွာနိုင်ခြင်းမရှိသေးဟု ကောက်ချက်ချမိလေသည်။
ပြစ်ဒဏ်သင့်သော ဘေးမှကင်းဝေးကြပါစေ
က္ဘာတစ်ဝန်းတွင် မီဒီယာလွတ်လပ်ခွင့်အရ ကျေနပ်ဖွယ်ကောင်းသော နိုင်ငံများ၊ ကျေနပ်ဖွယ်မရှိသေးသော နိုင်ငံများစသည်ဖြင့်လည်း ယင်းအစီရင်ခံစာတွင် ဆက်လက် ဖော်ပြထားပြန်ရာ ပြည်သူ့အခွင့်အရေးတစ်ရပ်ဖြစ်သော မီဒီယာလွတ်လပ်ခွင့်သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ဆူကြုံ နိမ့်မြင့် ကွာဟမှုရှိနေဆဲဖြစ်သည်ဟု ထောက်ချင့်သိရလေသည်။ မိမိအကျိုးမဖက် ပြည်သူ့အတွက် အလုပ်လုပ်သူများတွင် သတင်းသမားများ ရှေ့တန်းမှပါဝင်နေသည်ဟု ကျွန်ုပ်တွေးတောမိပြီးလျှင် သတင်းသမားတွေ ပြစ်ဒဏ်သင့်သောဘေးမှ ကင်းဝေးကြပါစေဟု ကျွန်ုပ်ဆုတောင်းမိသည်။
ပြစ်ဒဏ်ဘေးမှ ကင်းဝေးဖို့ဟူသည်ကား သက်ဆိုင်ရာနိုင်ငံတွင် ပြဋ္ဌာန်းထားသော ဥပဒေများနှင့် ငြိစွန်းမှုမရှိရအောင် ဂရုဓမ္မကြီးကြီးထားကြရဖို့ လိုအပ်မည်ကား ထင်ရှားလေသည်။ ဥပဒေဟူသည်ကား လူ့အဖွဲ့အစည်းအတွက် စည်းကမ်းကလနား ဖြစ်ပေရာ ဥပဒေကိုမသိ၍ ပြစ်မှုကျူးလွန်မိပါသည်ဟု စောဒကတက်နိုင်ခြင်းငှာ မစွမ်းသာချေ။ ဤတွင်ဥပဒေ၏ သဘောတရား နက်ရှိုင်းပုံကို ဆက်နွှယ်တွေးတောနေမိသည်။ သတင်းသမားများသည် စိတ်ရင်းစေတနာမှန်ကန်စွာဖြင့် မိမိအလုပ်ကို မိမိ ယုံကြည်လေးနက်စွာ လုပ်ကိုင်နေကြသည့်တိုင်အောင် ရှုထောင့်အမြင်အမျိုးမျိုးမှ ပြဋ္ဌာန်းထားသော ဥပဒေများကို မရည်ရွယ်ဘဲ ချိုးဖောက်မိဘိသကဲ့သို့ ဖြစ်တတ်ပေရာ သတင်းသမားတို့ ဆင်ခြင်တုံတရားကြီးစွာ ရှိအပ်ရာ၏ဟု ကျွန်ုပ်တွေးတောမိလေသည်။
မည်သို့ပင်ဆိုစေ ဘေးဥပဒ်(ဝါ) အန္တရာယ်အပေါင်းခညောင်းသော သတင်းလမ်းကို လျှောက်လှမ်းကြရသည့် သတင်းသမားတို့မှာ အလုပ်လုပ်လေတိုင်း “သတိနှင့်အသိ” ဖြင့် လုပ်ကိုင်အပ်ရာသည်သာတည်း။
ဆင်ခြင်တုံတရား လက်ကိုင်ထား
စာရေးဆရာကြီးများသည် စာကောင်းပေမွန်များ ရေးသားနိုင်ရန် လုံ့လစိုက်ကြသကဲ့သို့ သတင်းသမားများသည်လည်း သတင်းကောင်းသတင်းမွန်များ တင်ဆက်နိုင်ရန် အစဉ်အားထုတ်နေကြသူများ ဖြစ်လေသည်။
သတင်းကောင်း သတင်းမွန်ဖြစ်ပါမှလည်း ပြည်သူတို့၏ ဆင်ခြင်တုံတရားကို သတင်းသမားက မြှင့်တင်ပေးနိုင်ပေလိမ့် မည်။ ပြည်သူ့ဆင်ခြင်တုံတရားကို မြှင့်တင်ပေးသူ သတင်းသမားကိုယ်တိုင်ကလည်း ဆင်ခြင်တုံတရားကြီးကြီးထား၍ဟိုကွေ့ ဟိုတက်နှင့်လှော်၊ ဒီကွေ့ဒီတက်နှင့် လှော်ကြဖို့လိုပေလိမ့်မည်။ သတင်းသမားတို့ အဓွန့်ရှည်ရေးဟူသည်ကား ပြည်သူချစ်စိတ်၊ သတင်းပညာချစ်စိတ် ရင့်သန်နေဖို့လိုအပ်မည်။ ဥပဒေစည်းမျဉ်းကလနားကြားမှ လှုပ်ရှားရသူများ ဖြစ်ပေရကား “သတင်းသမားအကင်းပါး” ဖို့လည်း လိုအပ်မည်ဟုဆိုသော် ကျွန်ုပ်လွန်အံ့ မထင်နိုင်ပေ။
“ပြည်သူတို့ သတင်းမငတ်မွတ်ရေး” (ဝါ) “သတင်းအာဟာရပြည့်ဝရေး” အတွက် မိမိကိုယ်တိုင် သတင်းဗလတောင့်တင်းခိုင်မာစွာ ရှိနေအပ်ပေသေးသည်။ သတင်းသမားတို့မှာ မိမိတို့ကိုယ်တိုင် ထမင်းနပ်ကျော်အချိန်ပေး၍ သတင်းလိုက်ရ၊ သတင်းနှိုက်ရလုပ်ရလေ့ရှိ၏။ သတင်းသမားအချို့တော်ခြင်းမှာ ဝါသနာဗီဇပါခြင်းကြောင့်ဖြစ်ရကား ကိုယ်ကျိုးစွန့်အနစ်နာခံကာ သတင်းယူရန် ဝန်လေးကြသူများမဟုတ်ဟု ကျွန်ုပ်အကဲခတ်မိ၏။ သတင်းဖြစ်စဉ်များဟူသည် ယူတတ်လျှင် ဘဝသင်ခန်းစာ၊ မှတ်တတ်လျှင် လောကီသုတဖြစ်ပေရကား သတင်းသမားတို့သည် ပြည်သူတို့ကို သတင်းပေးသူ ဖြစ်လေသည်။ စာရေးဆရာကြီးများနည်းတူပင် သတင်းဆောင်းပါးရေးသူများက စာတိုပေစရေးသူ ဥပဓိရုပ်ထွက်သည်။ ဆန်အိုးထဲဆန်မရှိသော်လည်း ရေးလက်စစာအတွက် အကောင်းဆုံးရေးဖွဲ့ သီကုံးရန်သာ အာရုံစိုက်သူများဖြစ်သည်။ စာရေးနိုင်ဖို့တွေးရသည်၊ မေးရသည်၊ ငေးရသည်၊ ပေးရသည်(အချိန်)။ စာဖတ်သူများ အသိဉာဏ်တိုးပွားပါစေဟူသော စေတနာဗရပွဖြင့် အားထည့် ရေးကြပါလျှင် ပြည်သူအပေါ် ဦးထိပ်ပန်သော စေတနာမှန်လေပြီဟု ကျွန်ုပ်ဆိုချင်သည်။
လူထုဘဝမြင့်မားရေး အသိပေးရသူ
ဤလောက၌ ]စေတနာ} သည်ပဓာနကျ၏။ အကြောင်းမူကား စေတနာသည် “ကံ” ဟု ပြောနိုင်ခြင်းကြောင့်ပေတည်း။ လူထုဘဝမြင့်မားရေး အသိပေးရသူ စာရေးဆရာများနှင့် သတင်းစာဆရာများသည် နိစ္စဓူဝလူမှုဘဝ တွေ့ ကြုံရသမျှကိုနှလုံးသားဖြင့် ဆင်ခြင်ကာ၊ သတင်းအချက်အလက်များအဖြစ် တည်ဆောက်ကာ ပြုစုကြရပေရာ သူတို့မှာ လောကကို အလှဆင်သူများလည်း ဖြစ်သည်ဟူပေ။ ပြည်သူတို့အား စာပေ၊ သို့တည်းမဟုတ် သတင်းလွှာဖြင့် တင်ဆက်ရသူတို့မှာ ပြည်သူတို့အား အလုပ်အကျွေးပြုသူများလည်း ဖြစ်ပေရာစာသမား၊ ပေသမား၊ သတင်းသမားတို့မှာမျက်စိကြီး၊ နားကြီးပုဂ္ဂိုလ်များ ဖြစ်အပ်ရာ၏။ မိမိကိုယ်တိုင်အမြင်ကျယ်သူ ဉာဏ်ပရိဘန်ဖြင့် ပိုင်းခြားဝေဖန်တတ်သူဖြစ်ပါမှ ပြည်သူတို့၏ မျက်စိနှင့် နားများသဖွယ် ရပ်တည်နိုင်ကြပေမည်။
လူမှုရေးဖြစ်စဉ်၊ သတင်းဖြစ်စဉ်တို့အပေါ်မှ မြင်တတ်၊ ကြည့်တတ်၊ ခံစားတတ်၊ ဖန်တီးတတ်သော ပုဂ္ဂိုလ်များသည် ပြည်သူတို့အကျိုးရှိရာရှိကြောင်း ရှုထောင့်ပေါင်းစုံမှ ရေးဖွဲ့သီကုံးကြလေ့ရှိပေသည်။ နိုင်ငံရေးအရ၊ လူမျိုးရေးအရ၊ အယူဝါဒရေးအရ မတူကွဲပြားနေမှုများကို ဆန့်ကျင်ဖီလာမတိုက်ကြမူ၍ လူထုအား ရေးသား တင်ဆက်နိုင်ခြင်းမှာ မြင့်မြတ်သော သတင်းသမားစိတ်ဓာတ်ရှိ၍သာ လုပ်ကိုင်နိုင်ကြခြင်း ဖြစ်လေသည်။
ပြည်သူတို့အပေါ် တာဝန်ကျေပွန်စေရမည်ဟူသော စေတနာဖြင့် သတင်းသမားတို့ လုပ်ကိုင်ကြပါလျှင် “ပြည်သူ့သားကောင်း” ပုဂ္ဂိုလ်များဘဝကို အပြည့်အဝ ခံယူနိုင်ကြလိမ့်မည်။ “စာသမားဂုဏ်ရည်” “သတင်းသမားဂုဏ်ရည်” ဟူသည်ကား မိမိတို့ရေးသား တင်ဆက်မှုကြောင့် ပြည်သူတို့ပညာအလင်း ရရှိခြင်း၊ အလိမ္မာတိုးခြင်းတို့ကို ရည်ညွှန်းနိုင်ပေသည်။ ဤတွင်ရွေ့ကား ကျွန်ုပ်အနေဖြင့် စံပြသတင်းသမားကြီးတစ်ဦးကို ညွှန်းဆိုလို၏။ သူသည်ကား ဟံသာဝတီဦးအုန်းကြိုင်ဖြစ်ပြီးလျှင် သူ့အဆိုအမိန့်တစ်ရပ်ကို ကျွန်ုပ်မျှဝေလို၏။ သူက “အမှန်ကစာရေးဆရာ၊ သတင်းစာဆရာဆိုတာ တိုင်းပြည်ရဲ့ ရှေ့ဆောင်ရှေ့ရွက် လုပ်နေတဲ့ပုဂ္ဂိုလ်တွေ အစစ်အမှန်ပါပဲ။ ဘဘတို့ တာဝန်ထမ်းဆောင်စဉ်အခါက ဘာကိုယ်ကျိုးစီးပွားမှ မကြည့်ခဲ့ကြဘူး။ ဝါသနာကို တစိုက်မတ်မတ်လုပ်ခဲ့ရတယ်။ ငတ်ငတ်ပြတ်ပြတ်နဲ့ လုပ်လာကြတာ၊ လွတ်လပ်ရေးတိုက်ပွဲမှာလည်း ရှေ့ဆုံးက ပါခဲ့ကြတယ်။ သတင်းသမားတွေဟာ တိုင်းပြည်အတွက် လိုအပ်ချက်တွေရှိရင် ထောက်ပြကြတယ်။ ဝေဖန်ကြတယ်။ ဒါ့ကြောင့် သတင်းသမားတွေကိုလည်း ချီးမြှင့်ထိုက်တယ်” လို့ အဘတိုက်တွန်းပြောကြားလိုတာပါ။ ပြည်သူ့အချစ်တော်သတင်းသမား ပြည်သူ့အချစ်တော် သတင်းသမားဘဝ ပီပြင်စေဖို့ အရေးကြီးသည်ကား ကျင့်ဝတ် ရှိဖို့ဖြစ်၏။ ဤတွင် ဆောင်းပါးလေးမည်စိုး၍ အကျယ်မဖော်ပြလိုတော့ပြီ။
ကျွန်ုပ်၏အမြင်ကို တင်ပြရလျှင်ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေဆဲ ကာလမျိုးဖြစ်သည့် ဤလိုကာလမျိုးတွင် “မီဒီယာဖွံ့ ဖြိုးရေး” မှာ အထူးတလည် အရေးပါသည်ဟုရှုမြင်မိ၏။ ကျွန်ုပ်တို့၏နိုင်ငံ၌ မီဒီယာဖွံ့ ဖြိုးရေး အားကောင်းလာလျှင် “ရေမြင့်ကြာမြင့်” ဟူဘိသို့ မီဒီယာလွတ်လပ်ခွင့်လည်း တိုးလာပေလိမ့်မည်။ သတင်းမီဒီယာသည် စတုတ္ထမဏ္ဍိုင် ဖြစ်သည်နှင့်အညီ အခြားသောမဏ္ဍိုင်များ (အုပ်ချုပ်ရေး၊ တရား ဥပဒေပြုရေး၊ တရား စီရင်ရေး)ကို ရင်ပေါင်တန်းသော အနေအထားဖြင့်ရှိနေရန် ဝိုင်းဝန်းတည်ဆောက်ကြရန်မှာ သတင်းလောကသားအားလုံးတို့၏ တူညီသောရည်မှန်းချက် ဖြစ်အပ်ပေသည်။ ဆင်းရဲမွဲတေမှုလျှော့ချရေး၊ အဂတိလိုက်မှုတိုက်ဖျက်ရေး၊ လူမှုရေးအနိဋ္ဌာရုံ အမျိုးမျိုးကင်းဝေးရေးတို့အတွက် မီဒီယာကမီးမောင်းထိုးပြနိုင်ရန် မီဒီယာသမားတိုင်း ကူညီကြစေလိုသည်။
ပြုပြင်ပြောင်းလဲရေးကာလအတွင်း ကျရောက်နေဆဲဖြစ်သဖြင့်အရာရာသည် ပြီးပြည့်စုံမှုမရှိနိုင်သေးသည်ကို စိတ်ရှည်သည်းခံစွာ ရှုမြင်ရပါဦးမည်။ ဆိုပါစို့၊ ကျွန်ုပ်တို့၏ နိုင်ငံတော်၌ “သတင်းအချက်အလက်ရယူပိုင်ခွင့်ဥပဒေ” (Right to Information Law) မှာ အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် လုပ်ဆောင်နေဆဲ ကာလအတွင်း၌သာ ရှိနေသေးပေရာ သတင်းလွတ်လပ်ခွင့် အမြန်ပေးဟု တောင်းဆိုကြသည့်တိုင် ယင်းလွတ်လပ်ခွင့်ကို လက်ဆုပ်လက်ပိုင်ရနိုင်ခြင်းရှိနိုင်ဦးမည်ကား မဟုတ်ပေ။
ဒီမိုကရေစီအပင်လေးမှာ စတင်ရှင်သန်ခါစ အနေအထားဖြစ်သဖြင့် ကျွန်ုပ်တို့အနေဖြင့် ဆန္ဒမစောဘဲ စိတ်ရှည်စွာဖြင့် ရေလောင်းပေါင်းသင်လုပ်ကြဖို့ လိုပေမည်။
အဆိုပါဥပဒေသည် ရည်မှန်းချက်ကောင်းမွန်လှပြီး ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီ နိုင်ငံ အဖြစ် ခေါ်ဝေါ်ခံရသော အိန္ဒိယနိုင်ငံ၌ Right to Information Actကို ၂၀ဝ၅ ခုနှစ်တွင်မှ ပြဋ္ဌာန်းနိုင်ခဲ့လေသည်။
အခြေခံအဆောက်အအုံ လိုအပ်ချက်များရှိနေ
မည်သို့ဆိုစေ ကျွန်ုပ်တို့နိုင်ငံ၌ ယင်းဥပဒေအမြန်ဆုံး ပေါ်ထွန်းလာလျှင် အဂတိလိုက်စားမှုများကို ပိုမိုဖော်ထုတ်လာနိုင်ဖွယ်ရှိပြီး ၎င်းတို့၏ တာဝန်ယူမှု၊ တာဝန်ခံမှုအခြေအနေကိုလည်း သတင်းသမားတို့က တိုင်းတာနိုင်ပေလိမ့်မည်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအဖွဲ့အစည်းများက အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်သော အကြောင်းခြင်းရာမှအပသတင်းသမားတစ်ဦး (နိုင်ငံသားတစ်ဦး) လိုအပ်သော သတင်းအချက်အလက်များကို အမြန်ဆုံးထုတ်ပေးခြင်းဖြင့် အကျိုးကျေးဇူးများ ရနိုင်ပေလိမ့်မည်။ သို့ရာတွင် ယင်းဥပဒေ နှင့်အညီ သတင်းအချက်အလက်များ ထုတ်ပေးနိုင်ရေးအတွက် အခြေခံအဆောက်အအုံ လိုအပ်ချက်များရှိနေသေးသည်ကိုလည်း ကျွန်ုပ်သတိမူမိလေသည်။
သတင်းမီဒီယာဖွံ့ ဖြိုးရေးက သာလွန်အရေးကြီးလာသော ယနေ့ကာလ၌ သတင်းသမားများအနေဖြင့် သတင်းအချက်အလက်များ ရရှိရေးအတွက် အားကိုးအားထားပြုနိုင်သော အရင်းအမြစ်တစ်ခုအဖြစ် “ပြည်သူ့စာကြည့်တိုက်များ” ကိုညွှန်းဆိုလိုသည်။ မြန်မာနိုင်ငံရှိ စာကြည့်တိုက်များအား သတင်းအချက် အလက်နည်းပညာ အသုံးပြုသော စာကြည့်တိုက်များအဖြစ်သို့ ပြုပြင်ပြောင်းလဲလျက်ရှိသည်ဟု ကျွန်ုပ်လေ့လာတွေ့ရှိရသည်။ အင်တာနက်ကွန်ရက်ရရှိသော စာကြည့်တိုက်များသည် ပြည်သူများအတွက်သာမက သတင်းသမားများအတွက်ပါ သတင်းအချက်အလက်များကို ဖြည့်ဆည်းပေးလျက်ရှိနေသော်လည်း လူအများမှာ သတိမမူဂူမမြင်ဟူဘိသို့ ပြည်သူ့စာကြည့်တိုက်များကို ကျော်ဖြတ်သွားနေကြသည်။ အများပြည်သူစာကြည့်တိုက်စနစ် အားကောင်းလာပါလျှင် စာပေသမားများ၊ စာဖတ်သူများတို့သာမက သတင်းသမားတို့ကပါ သတင်းနောက်ခံအကြောင်း ခြင်းရာများကို ဂဃနဏသိနိုင်ရေးအတွက် ခေတ်ပြိုင်စာနယ်ဇင်းများ၊ ခေတ်ပြိုင်စာစောင်များ၊ နိုင်ငံတကာရေးရာ မှီငြမ်းပြုစရာများကို ကိုးကားအသုံးပြုနိုင်ပေလိမ့်မည်။
“မြန်မာနိုင်ငံ၌ သတင်းအချက်အလက်ရရှိမှု ခက်ခဲနေသေးသည်ဆိုသည့်တိုင်အောင် သတင်းအချက်အလက် ခေါင်းပါးခြင်းတည်းဟူသော စိန်ခေါ်မှုကို ဖြေရှင်းပေးမည်မှာကား ပြည်သူ့စာကြည့်တိုက်များဖြစ်သည်” ဟု အထင်ကရ စာကြည့်တိုက်ပညာရှင် ဒေါက်တာ သန့်သော်ကောင်း (Myanmar Book Aid and Preservation Foundation and the mobile library project under the Daw Khin Kyi Foundation) က ဆိုမိန့်ခဲ့သည်ကို ကျွန်ုပ်မှတ်သားခဲ့ရဖူး၏။
တိုးတက်မှုကိုပြသော ကိန်းဂဏန်းများ
မြန်မာမီဒီယာ စာကြည့်တိုက်ဖွင့်လှစ်သူ ဦးစောလင်းအောင် (ဒိန်းမတ်နိုင်ငံအခြေစိုက် International Media Support အဖွဲ့အစည်း၏ ပြည်တွင်းစီမံကိန်း အကူတာဝန်ခံ၊ သတင်းလောကတွင် ၁၅ နှစ်ကြာမျှကျင်လည်ခဲ့သူ) က “သတင်းထောက်တွေက ဗဟုသုတတွေပဲ ပြည့်နေလို့လား၊ စာဖတ်စရာမလိုဘူးလို့ပဲ မှတ်ယူထားသလားမသိဘူး၊ စာကြည့်တိုက်တွေကို အသုံးချတာနည်းလာတယ်” ဟူ၍ ၂၀၁၃ ခုနှစ်က ပြုလုပ်သော လူတွေ့မေးမြန်းခန်းတစ်ရပ်တွင် ပြောကြားခဲ့သည်ကိုလည်း ကျွန်ုပ်ပြန်ပြောင်း သတိရမိလေသည်။ သတင်းမီဒီယာဖွံ့ ဖြိုးမှု ပြဒါးတိုင်ကို ကျွန်ုပ်ကြည့်လေသော် မြန်မာနိုင်ငံ၏ စာနယ်ဇင်းထုတ်ဝေခြင်းလုပ်ငန်း တိုးတက်မှုကိုပြသောကိန်းဂဏန်းများကို တွေ့ မြင်ရ၏။ ပုံနှိပ် ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းနည်းဥပဒေများ ပြဋ္ဌာန်းသည့် ၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၀ရက်မှစ၍ ယနေ့အထိ ပုံနှိပ် ခြင်းလုပ်ငန်း ၁၄၈၄ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း ၂၂၉၆ ဦး၊ သတင်းအေဂျင်စီ လုပ်ငန်း ၉၆ ဦး၊ စုစုပေါင်းပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း ၃၈၇၆ ဦးတို့အား အသိအမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ကြောင်း ဖေဖော်ဝါရီ ၇ ရက် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်ကို ကျွန်ုပ်လေ့လာတွေ့ရှိရလေသည်။ ထုတ်ဝေမှုလုပ်ငန်းအရ ၂၀၁၅ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့ကို နှိုင်းယှဉ်ကြည့်လျှင် ၂၀၁၅ ခုနှစ်တွင် သတင်းစာ ၂၅ မျိုး ခွင့်ပြုပေးခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ၄၄ မျိုးအထိ၊ ဂျာနယ် ၃၁၉ မျိုး ခွင့်ပြုပေးခဲ့ရာမှ ၅၂၄ မျိုးအထိ၊ မဂ္ဂဇင်း၂၄၈ မျိုး ခွင့်ပြုပေးခဲ့ရာမှ ၄၂၅ မျိုးအထိ၊ အထွေထွေ ၇၁၃ မျိုးရှိခဲ့ရာမှ ၁၂၂၈ အထိ၊ သတင်းအေဂျင်စီ ၂၁ ခု ရှိခဲ့ရာမှ ၉၃ ခုအထိ တိုးတက်လာခဲ့သည်ဟု လေ့လာသိရှိရပြန်ရာ ဒီမိုကရေစီတည်ဆောက်ဆဲနိုင်ငံ၏ သတင်းမီဒီယာဖွံ့ ဖြိုးမှုတိုးတက်မှုရှိသည်ဟု သုံးသပ်ရပေမည်။
ပုရပိုက်နက်ဟုခေါ်သော အနက်ရောင်စက္ကူချပ်၊ အလွှာခေါက်များပေါ်တွင် ကန့်ကူဆံ (ဝါ) စာရေးကိရိယာ ကျောက်တံတစ်မျိုးဖြင့် ရေးသားခဲ့ရသည့်ခေတ်မှ ကွန်ပျူတာ မှန်သားပြင်အပေါ် စာရေးနိုင်သော ယနေ့ခေတ်တွင် ပြည်သူအများမှာ အွန်လိုင်း အာကာသထဲ လျင်မြန်စွာပြေးလွှားဆော့ကစားနိုင်ကြပေရာ ပုံနှိပ်မီဒီယာများ အင်အားပျော့သွားသည့် လက္ခဏာများကိုမူ ကျွန်ုပ်တွေ့ မြင်ရ၏။
“သတင်းသမားဂုဏ်ရည်” ဟူသည်ကား (၁) အာဂမယုတ္တိ = ကျမ်းဂန်အကိုးအကား နှင့် ညီညွတ်ရမည် (၂) သဘာဝယုတ္တိ = သိပ္ပံ လက်တွေ့နှင့်လည်း ညီညွတ်ရမည် (၃) သာဓကယုတ္တိ = ထင်ရှားသော သက်သေပြချက်များ၊ အထောက်အထားများရှိရမည် (၄) ကာရဏ ယုတ္တိ = အကြောင်းအကျိုး၊ ဆက်စပ်မှန်ကန်ရမည်။
နည်းပညာပြောင်းလဲမှုနှင့်အတူ သတင်းလောကကြီး အလိုက်သင့် အလျားသင့်ပြောင်းလဲနေချိန်တွင် အွန်လိုင်းသတင်းတို့ ဖောသီနေသော်လည်း သတင်းပညာအရ တင်ဆက်သော ပင်မရေစီးမီဒီယာများမှာ ပြည်သူကိုဗဟိုပြုသည့် မီဒီယာအဖြစ်လည်းကောင်း၊ အာဂမယုတ္တိ (ဝါ) စာပေအကိုးအကား၊ လူပုဂ္ဂိုလ်အကိုးအကားနှင့် သဘာဝယုတ္တိတို့အရ ခိုင်မာအားကောင်းသော မီဒီယာအဖြစ်လည်းကောင်း၊ ပြည်သူတို့အကျိုးရှိရာရှိကြောင်း လမ်းòန်မှုအပေါင်းကို ပေးစွမ်းသောမီဒီယာအဖြစ်လည်းကောင်း၊ သတင်းသမားတို့၏ ဂုဏ်ရည်ကို ပြဆိုနိုင်သည့်မီဒီယာအဖြစ်လည်းကောင်း အခိုင်အမာ ရပ်တည်နေဆဲဖြစ်သည်ဟု တွေးတောမိရင်း “ဒီးဒီးယိုကျ (အ)ကျိုးဆောင်ရ သတင်းသမားဘဝ” ဟုကျွန်ုပ်ကျူးရင့်မိပါသတည်း။
မြန်မာ့အလင်း