ဒေါက်တာသန့်စင် (ရူပဗေဒ)
ဒီဂျစ်တယ်နည်းပညာဆိုသည်မှာ လူသားတို့၏ နေ့စဉ်အသုံးပြုနေရသော ဒေတာအချက်အလက်များကို လည်းကောင်း၊ မိမိ၏ ကိုယ်ရေးအချက်အလက်နှင့် ဆက်သွယ်မှုများကို လည်းကောင်း ၊ နိုင်ငံတော်အစိုးရ၏ သတင်းအချက်အလက်များကိုလည်းကောင်း၊ ဒီဂျစ်တယ်ပုံစံဖြင့် စီမံခန့်ခွဲပြီး ကွန်ပျူတာ၊ အင်တာနက်နှင့် အီလက်ထရောနစ်ကိရိယာများကို အသုံးပြု၍ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် အစိုးရဝန်ဆောင်မှုများကို ပိုမိုထိရောက်စေသော နည်းပညာဖြစ်ပါသည်။ ယနေ့ခေတ် ဒီဂျစ်တယ်စီးပွားရေးနှင့် ဒီဂျစ်တယ်လူ့အဖွဲ့အစည်း၏ အခြေခံနည်းပညာဖြစ်ပါသည်။
ပထမဦးစွာ ဒီဂျစ်တယ်ဆိုသည်ကို ရှင်းပြလိုပါသည်။ ယခင်က လူသားတို့သည် သံပတ်ပေး၍ လည်းကောင်း၊ ဓာတ်ခဲကိုအသုံးပြု၍ လည်းကောင်း အချိန်ကို ကြည့်ရသည့်နာရီများကို အသုံးပြုခဲ့ကြ ပါသည်။ လူတို့၏အချက်အလက်များကို စာရေးစက္ကူများ၊ အသံဖမ်းစက်များ၊ ဓာတ်ပုံများဖြင့်သာ မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ လူတို့၏ အပူချိန်ကိုလည်း ပြဒါးကိရိယာသုံး သာမိုမီတာများကိုသာ အသုံးပြုခဲ့ကြပါသည်။ ထိုအချိန်က နည်းပညာများသည် အန်နာလော့နည်းပညာ (Analog) ဟု ခေါ်ပါ သည်။ ယခုအခါ ဒီဂျစ်တယ်နာရီ၊ ဒီဂျစ်တယ်သာမို မီတာ စသည်ဖြင့် ဒီဂျစ်တယ်ပစ္စည်းများကို အသုံး ပြုနေကြပြီဖြစ်ပါသည်။ ဒီဂျစ်တယ်နည်းပညာသည် သုည(0)နှင့် တစ်(1) ဟူသည့် ဒွိကိန်းစနစ်(Binary) စနစ်ကို အခြေခံ၍ အချက်အလက်များကို ထုတ် လုပ်၊ သိမ်းဆည်း၊ တွက်ချက်ပေးသည့် အီလက်ထရောနစ်နည်းပညာဖြစ်ပါသည်။ မီးခလုတ်တစ်ခုကို အဖွင့် (1)နှင့် အပိတ် (0) ဟုသာရှိသည့် အချက်များနှင့်စဉ်းစား၍ ရပါသည်။
သင်သည် သင်္ချာဂဏန်းများကို 1,2,3, … စသည်ဖြင့် ကွန်ပျူတာတွင် ရိုက်လိုက်သော်လည်း ကွန်ပျူတာ၏မှတ်ဉာဏ်တွင် ဒီဂျစ်တယ်နည်းပညာ ဖြင့် ( 00001 , 00010 , 00011 , …… ) စသည်ဖြင့် 0 , 1 ကိန်းဂဏန်းဖြင့်သာ သိမ်းဆည်းလိုက်ပါသည်။ သင်သည် ဒီဂျစ်တယ်ကင်မရာဖြင့် ဓာတ်ပုံရိုက်လိုက်ပါက သင်၏ဖုန်းတွင် လူပုံကို မြင်ရသော်လည်း သင်၏ဖုန်းအတွင်းမှာ 01101 … စသည်ဖြင့် 0 , 1 ဒီဂျစ်တယ်ဂဏန်းပေါင်းများစွာကို အသုံးပြု၍ သိမ်းဆည်းထားပါသည်။ 0 နှင့် 1 သည် ကွန်ပျူတာအတွင်းတွင် ထိုအချက်အလက်များကို ကိုယ်စားပြုထားသည့် Binary Code ဖြစ်ပါသည်။
ဒီဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးတိုးတက်လာပါက အစိုးရ၏ဝန်ဆောင်မှု (e–Government) ပိုမို ထိရောက်မြန်ဆန်လာပါသည်။ စီးပွားရေးနှင့်ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများတွင် ပိုမိုမြန်ဆန် လုပ်ကိုင်နိုင်ပါ သည်။ ဒီဂျစ်တယ်ငွေပေးချေမှု အပိုင်းများဖြစ်သည့် Mobile Payment , Internet Banking နှင့် Digital Wallet များကို လွယ်ကူစွာအသုံးချနိုင်မှုကြောင့် ငွေသားကိုင်ဆောင်အသုံးပြုမှု လျော့ကျ သွားနိုင်ပါသည်။ ပညာရေးတွင် ICT ပညာရေးကို အသုံးပြု၍ Online Learning Platform နှင့် Digital Research and Innovation ဆိုသည့် ဒီဂျစ်တယ် နည်းပညာသုံးပညာရေးကြောင့် မြို့ပြနှင့်ကျေးလက် ပညာရေးကို ကွာဟမှုနည်းပါးစေပါသည်။
နိုင်ငံတစ်နိုင်ငံတွင် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လွယ်ကူလျင်မြန်သည့် အင်တာနက် အခြေခံအဆောက်အအုံဆက်သွယ်ရေး (4G,5G) စသည့် မိုဘိုင်းကွန်ရက်များနှင့် ဒေတာအခြေခံ အဆောက်အအုံ (Data Center)များ လိုအပ်ပါသည်။ ထို့ပြင် လျှပ်စစ်ဓာတ်အားတည်ငြိမ်မှုနှင့် ICT စနစ်များကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးနိုင်သည့် လျှပ်စစ်ဓာတ်အားလိုအပ်ပါသည်။ လူ့စွမ်းအား အရင်းအမြစ်များဖြစ်သည့် အိုင်တီနည်းပညာ ကျွမ်းကျင်သူများ လိုအပ်ပါသည်။ AI နည်းပညာ ဆော့ဝဲ(Software ) ပရိုဂရမ်၊ Data Analysis ကျွမ်းကျင်သူများ၊ ဆီမီးကွန်ဒတ်တာမှစ၍ အဆင့်မြင့် နည်းပညာသုံး ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ စမတ်ဖုန်း များထုတ်လုပ်နိုင်သည့် နားလည်တတ်ကျွမ်းသည့် ပညာရှင်များကို နိုင်ငံတော်မှ စီမံချက်ချကာ နှစ်စဉ်ထုတ်လုပ်မွေးမြူပေးရပါမည်။ အွန်လိုင်းလုံခြုံရေး ( Cyber security ) နှင့် ဆိုင်ဘာနည်းပညာဥပဒေ ( Cyber law )များကို ပြဋ္ဌာန်းပေးရပါမည်။
e – Government စနစ် တည်ဆောက်ရာတွင် ဝန်ကြီးဌာနများသည် ဒီဂျစ်တယ်သက်သေခံ လက်မှတ် ( e – ID Smart Card ) ထုတ်ပေးရေးသည် မရှိမဖြစ်လိုအပ်ပါသည်။ မိမိနိုင်ငံအတွင်း အသုံးပြု နေသည့် ဒီဂျစ်တယ်သက်သေခံလက်မှတ်များအား နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများအကြား အပြန် အလှန် အသိအမှတ်ပြုနိုင်စေရန် (၁) နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား အပြန်အလှန်ဆက်သွယ်၍ Cross – Certification ပြုလုပ်ပေးခြင်း၊ (၂) နိုင်ငံ တကာသက်သေခံလက်မှတ်လမ်းညွှန် PKD( Public Key Directory)တွင် စာရင်းသွင်းခြင်း(သို့) အများ သုံးဆော့ဝဲကုမ္ပဏီထံတွင် ပါဝင်စာရင်းသွင်းပေးခြင်း တို့ဖြင့် ဆောင်ရွက်နိုင်ပါသည်။ ဒီဂျစ်တယ်သက်သေခံ လက်မှတ်များဖြစ်သော အမျိုးသားမှတ်ပုံတင်ကတ် (e – ID card )၊ နိုင်ငံကူးလက်မှတ် (e – Passport)၊ ဗီဇာ (e – Visa) အစရှိသည့် သက်သေခံစာရွက် စာတမ်းများနှင့် သက်သေခံကတ်များ၊ မော်တော်ယာဉ် မှတ်ပုံတင်ခြင်း၊ ယာဉ်မောင်းလိုင်စင်၊ ATM ကတ် စသည့်လုံခြုံမှုရှိစေရန် လိုအပ်သည့်ကတ်များနှင့်စာရွက်စာတမ်းများ ထုတ်လုပ်ရာတွင် ဒီဂျစ်တယ် သက်သေခံလက်မှတ်သည် အသုံးဝင်ပါသည်။
ကမ္ဘာပေါ်တွင် Digital Identity ဒီဂျစ်တယ် အထောက်အထားအအောင်မြင်ဆုံး နိုင်ငံများတွင် ဥရောပမြောက်ပိုင်းရှိ နိုင်ငံသုံးနိုင်ငံတွင် မြောက်ပိုင်းနိုင်ငံဖြစ်သည့် အက်စတိုးနီးယား (Estonia) နိုင်ငံ သည် ထိပ်ဆုံးမှ ပါဝင်ပါသည်။ ထိုနိုင်ငံ၏ Digital Government နှင့် e – Government စနစ်များ ကြောင့် ကမ္ဘာတစ်ဝန်း လူသိများပါသည်။ အက်စတိုး နီးယားနိုင်ငံတွင် Digital Society ဆိုသည့် ဒီဂျစ်တယ် လူမှုအဖွဲ့အစည်းအများစုကို အွန်လိုင်းမှ ဆောင်ရွက်နိုင်ပါသည်။ ဥပမာ ဒီဂျစ်တယ်မှတ်ပုံတင်ကတ်၊ ဒီဂျစ်တယ်ဖြင့် အခွန်ပေးဆောင်ခြင်း၊ ဒီဂျစ်တယ်ဖြင့် ဘဏ်စနစ်အသုံးပြုခြင်း၊ ဒီဂျစ်တယ်ဖြင့် မဲပေးခြင်း၊ ဒီဂျစ်တယ်ကျန်းမာရေး၊ ဒီဂျစ်တယ်သက်သေခံ လက်မှတ်ထုတ်ပေးခြင်း စသည်များကို ပြည်သူများ ကိုယ်တိုင်ဆောင်ရွက်နေကြပါသည်။ ကျောင်းများ တွင် ပညာရေးစနစ်သည် မြင့်မားပြီး Computer Science နှင့် Digital Skills ကို ငယ်ရွယ်စဉ်ကတည်း က သင်ကြားပေးပါသည်။ ထိုနိုင်ငံသည် လူဦးရေ နည်းသော်လည်း နိုင်ငံသားများသည် (e – ID) တစ်ခုတည်းဖြင့် အစိုးရနှင့် ပုဂ္ဂလိကဝန်ဆောင်မှု အများစုကို လုံခြုံစိတ်ချလွယ်ကူစွာ အသုံးပြုနိုင်ကြ ပါသည်။
အမေရိကန်နိုင်ငံ ကာလီဖိုးနီးယားပြည်နယ် San Francisco Bay Area တောင်ဘက်ပိုင်းတွင် တည်ရှိသည့် ဆီလီကွန်တောင်ကြား “Silicon Valley” အမည်တွင်သည့် နေရာသည် ကွန်ပျူတာထုတ်လုပ် ရာတွင် မရှိမဖြစ်ပါရှိရမည့် ဆီလီကွန်ပြားများ ထုတ်လုပ်ရာ စက်ရုံအလုပ်ရုံများရှိရာ တောင်ကြားကို ခေါ်ပါသည်။ ထိုဒေသတွင် နာမည်ကြီး Apple ကုမ္ပဏီ၊ Google၊ Meta Platforms၊ Intel ၊ NVIDIA ကုမ္ပဏီ စသည်တို့ရှိပြီး ကမ္ဘာပေါ်တွင် နာမည်ကြီး IT ပညာရှင်များ စုဝေးရာဒေသ ဖြစ်ပါသည်။
“ Silicon Valley ” အောင်မြင်ရသည့် အကြောင်းရင်းများတွင် Stanford University ကဲ့သို့ တက္ကသိုလ်များမှ သုတေသနနှင့် အင်ဂျင်နီယာ ပညာရှင်များ မွေးထုတ်ပေးခြင်း၊ နည်းပညာစတင် လုပ်ငန်း (Startup) များကို အရင်းအနှီးပံ့ပိုးပေးသောရင်းနှီးမြှုပ်နှံသူများပြားခြင်း၊ ကမ္ဘာအနှံ့မှ သိပ္ပံ ပညာရှင်များ၊ အင်ဂျင်နီယာများနှင့် စီးပွားရေးသမားများကို လာရောက်ဖိတ်ခေါ်နိုင်ရန် ကမ်းလှမ်းခြင်း၊ နည်းပညာကုမ္ပဏီများ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့ကြောင့် ဖြစ်ပါသည်။
ယခုအခါ မြန်မာနိုင်ငံ ပြင်ဦးလွင်ဒေသ ပြင်စာကျေးရွာအနီးရှိ ရတနာပုံမြို့သစ်စီမံကိန်းတွင် နိုင်ငံတော်၏ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍ (ICT Sector) တိုးတက်မြင့်မားရေးအတွက် ရတနာပုံဆိုင်ဘာစီးတီးကို ကမ္ဘာ့အဆင့်မီ Silicon Valley တစ်ခုဖြစ်ပေါ်လာစေရန် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့က နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုနှင့်အတူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ဒေသတွင်းရှိ နည်းပညာ ဆိုင်ရာတက္ကသိုလ်များ၊ ကောလိပ်များမှ သင်တန်းဆင်းလာကြသည့် နည်းပညာတတ်ကျွမ်းသော ကျောင်းသား၊ ကျောင်းသူများအတွက်လည်း ယခု စီမံကိန်းမှ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်မည် ဖြစ်ပါသည်။
ဒီဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးတိုးတက်လာပါက အစိုးရ၏ ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာပြီး ပွင့်လင်းမြင်သာမှု ပိုမိုရရှိကာ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ ပိုမိုဆောင်ရွက် နိုင်ပါသည်။ ထိုအချက်များကြောင့် အစိုးရ၏ ဝန်ဆောင်မှုများ ထိရောက်စွာစွမ်းဆောင်နိုင်ပြီး ပြည်သူများ၏ လူနေမှုအဆင့်အတန်း တိုးတက်လာမည်ဖြစ်ပါသည်။ ။


