လွိုင်ကော် ၂၈ ဒီဇင်ဘာ
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်သော လူမှုနေ့စဉ်ဘဝများကို ရရှိပိုင်ဆိုင်ပြီး လူ့စွမ်းအား အရင်းအမြစ်များ တိုးတက်မြင့်မားရေးအတွက် ဒီဇင်ဘာလူထုအားကစားလ လှုပ်ရှားမှု၏ နောက်ဆုံးရက်သတ္တပတ် လူထုလမ်း လျှောက်ပွဲအား ယနေ့နံနက် ၅ နာရီခွဲအချိန်တွင် လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ နာရီစင်၌ စုရပ်ပြု၍ ဆေးလိပ်ငွေ့ကင်းစင် လွိုင်ကော်မြို့တစ်ခွင် ဗီနိုင်းဆိုင်းဘုတ်ကိုင်ဆောင်လျက် လမ်းလျှောက်ကြသည်။
လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်အသီးသီးမှ တိုင်းရင်းသားမိဘပြည်သူများ စုစုပေါင်း အင်းအား(၂၀၀၀) ကျော် ပါဝင်ဆင်နွှဲလမ်းလျှောက်ခဲ့ကြသည်။
စုပေါင်းလမ်းလျှောက်ခြင်းအား နာရီစင်စုရပ်မှ စာတိုက်အဝိုင်း ကန္ဒရဝတီလမ်းမကြီးတစ်လျှောက် ဖြတ်သန်း၍ ကန္ဒာဟေဝန်ကျောက်သားရင်ပြင်၌ ရောက်ရှိကာ Zumba အကများဖြင့် စုပေါင်းသွေးပူလှုပ်ရှားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ကျောက်သားရင်ပြင်တွင် ကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်းအတွဲ အမှတ်(၁)(၂)နှင့် ဇွန်ဘာလေ့ကျင့်ခြင်းတို့ကို တစ်ပျော်တစ်ပါး စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
စုပေါင်းလမ်း လျှောက်ပွဲသို့ တက်ရောက်လာသူများအတွက် အားကစားပစ္စည်းများ၊ လူသုံး/အိမ်သုံး၊ တကိုယ်ရည်သုံး ပစ္စည်းများ စုစုပေါင်း စက်ဘီး(၈)စီးနှင့် ကံစမ်းမဲပေါင်း(၅၈)ခုအား မဲဖောက်ပေးခြင်းများ အားကစားပြိုင်ပွဲများအဖြစ် ပူစီဖောင်း ဖောက်ပြိုင်ပွဲနှင့် ခြေတစ်ချောင်းထောက်ပြိုင်ပွဲတို့ကို ကျင်းပပေးခဲ့သည်။
လွိုင်ကော်မြို့တွင် စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပခဲ့သည့်နည်းတူ ကယားပြည်နယ်ရှိ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ရှားတောမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖားဆောင်မြို့နယ်နှင့် မယ်စဲ့မြို့နယ်များတွင်လည်း လူထုစုပေါင်း လမ်းလျှောက်ပွဲများကို တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပခဲ့သည်။
ကိုစိုင်း (လွိုင်ကော်)