မြစ်ကြီးနား ၇ ဒီဇင်ဘာ

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် ပထမအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် နာရီတွင် ပြည်သူ့အားကစားကွင်းရှေ့ သခင်နက်ဖေလမ်းစုရပ်မှ မြစ်ကြီးနားမြို့တွင်း စုပေါင်းလမ်းလျှောက်ကြသည်။

 

စုပေါင်းလမ်းလျှောက်ပွဲကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ဇနီး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ကြီးများ၊ ပညာရေးကောလိပ်နှင့် သူနာပြုသင်တန်းကျောင်းများမှ သင်တန်းသား/သူများ၊ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင် အထက်အတန်းကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား တစ်သောင်းကျော် တို့သည် စုရပ်သခင်နက်ဖေလမ်းမကြီးအတိုင်း မီးသတ်လမ်းဆုံ၊ ထိုမှတစ်ဆင့် စည်ပင်သာယာလမ်း၊ အောင်ဆန်းလမ်း၊ ရုံးကြီးလမ်းအတိုင်း ပြည်သူ့အားကစားကွင်းသို့ ဝင်ရောက်ကြကာ အားကစားကွင်း အတွင်း၌ ကိုယ်ကာယကြံခိုင်မှုအတွဲ အမှတ်(၁)နှင့် (၂)၊ Myanmar Fitness Dance တို့ကို စုပေါင်းလေ့ကျင့် ခဲ့ကြသည်။

 

ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ် အေရိုးဗစ်ပြိုင်ပွဲတွင် တံခွန်စိုက်ဒုတိယဆုရ ပြည်နယ် အေရိုးဗစ်အသင်းနှင့် Myanmar Fitness Dance အဖွဲ့တို့က လေ့ကျင့်ကပြဖျော်ဖြေခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆုငွေများချီးမြင့်ပေးအပ်ပြီး လမ်းလျှောင်ပွဲပါဝင်ဆင်နွှဲကြသူများအား ငွေကျပ် ၃ သိန်းတန် လက်ကိုင်ဖုန်းတစ်လုံးအပါအဝင် ကျပ်တစ်သိန်းဆု၊ ငါးသောင်း ဆုများနှင့် အားကစား ဝတ်စုံများကို မဲဖောက်ပေးခဲ့ကြသည်။

 

ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို အပတ်စဉ်စနေနေ့တိုင်းကျင်းပပြု လုပ်သွားမည်ဖြစ်ပြီး ပါဝင်ဆင်နွှဲကြသူများအား ကံစမ်းမဲများ ဖောက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လမ်းလျှာက်ပွဲ အထိမ်းအမှတ် အလွတ်တန်းနှင့် လူသစ်တန်း စစ်တုရင်ပြိုင်ပွဲများကိုလဲ ကျင်းပပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရှိရသည်။

 

ပြည်နယ်ပြန်/ဆက်