ပခုက္ကူ ၂၆ ဒီဇင်ဘာ
ဒီဇင်ဘာ ကျောင်းပိတ်ရက်တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပခုက္ကူမြို့ရှိ သမိုင်းဝင် ဘုရားပုထိုးစေတီများသို့ ပြည်တွင်းဘုရားဖူးဧည့်သည်များ လာရောက်ဖူးမြှော်ကြကြောင်း သိရသည်။
ပခုက္ကူမြို့ သမိုင်းဝင် တန်ခိုးကြီးဘုရားများဖြစ်သည့် တန့်ကြည်တောင် စွယ်တော်မြတ် စေတီ၊ သီဟိုဠ်ရှင်မြတ်စွာ ဘုရားကြီး၊ ရွှေကူမြတ်စွာဘုရားကြီး၊ ဖောင်တော်ဦးစေတီတော်၊ ရွှေတန့်တစ်သရက္ခန်ဘုရားနှင့် ရွှေမုဌောစေတီတော်တို့တွင် ဒီဇင်ဘာ ကျောင်းပိတ်ရက် ပြည်တွင်းဘုရားဖူး ဧည့်သည် တစ်ရက်လျှင် ၂၅၀၀ ကျော် လာရောက် ဖူးမြှော်ကြကြောင်း ရွှေမုဌောဘုရား ဂေါပက ဒုတိယဥက္ကဋ္ဌ ဦးမျိုးညွန့်က ပြောသည်။
ရွှေမုဌောဘုရားသည် သက္ကရာဇ် (၂၁၈)ခုနှစ် တပေါင်းလပြည့်နေ့တွင် သီရိဓမ္မာသောက မင်းကြီး တည်ထားကိုးကွယ်ခဲ့ပြီး ယခုဆိုလျှင်နှစ်ပေါင်း (၂၄၄၄)နှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ သမိုင်းဝင် ဘုရားကြီးဖြစ်သည့် ရွှေမုဌောစေတီသည် ပခုက္ကူမြို့ အမှတ်(၁) ဗုဒ္ဓကုန်းရပ် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိကာ ယခုလို ဒီဇင်ဘာလ ကျောင်းပိတ်ရက်များတွင် မြန်မာပြည် အရပ်ရပ်မှ ဘုရားဖူးလာ ဧည့်သည်များဖြင့် အထူးစည်ကား လျက်ရှိကြောင်း သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)