ကျောက်မဲ ဒီဇင်ဘာ ၃၀
ကျောက်မဲခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ကျောက်မဲစားပွဲတင်တင်းနစ်ကလပ်တို့ ပူးပေါင်း၍ ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက ကျောက်မဲမြို့ အမှတ် (၁)ရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားရုံအတွင်း၌ ဒီဇင်ဘာလူထုလှုပ်ရှားမှုအဖြစ် စားပွဲတင်တင်းနစ်အားကစားပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလူထုလှုပ်ရှားမှုမှ ထူးချွန်သောအားကစားသမားများ ပေါ်ထွန်းလာစေရေး၊ နိုင်ငံသားကောင်း ရတနာများပေါ်ထွန်းလာစေရေးနှင့် တိမ်မြုပ်နေသော အားကစားနည်းများ ပြန်လည် အသက်ဝင် လှုပ်ရှားလာစေရန် ရည်ရွယ်၍ စားပွဲတင်တင်းနစ်အားကစား ပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲကို အကြီးတန်း၊ အငယ်တန်းဟူ၍ နှစ်မျိုးခွဲပြီး ကျင်းပသွားမည်ဖြစ်ပြီး အားကစားသမား ၂၀ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ကျောက်မဲခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းနွယ်က ပြောသည်။
အလားတူ စားပွဲတင်တင်းနစ်ပြိုင်ပွဲကို ကျောက်မဲမြို့အပြင် ကျောက်မဲခရိုင်အတွင်းရှိ သီပေါ၊ နောင်ချို၊ နမ္မတူမြို့များတွင်လည်း ကျင်းပပေးလျက်ရှိကြောင်း၊ ကျောက်မဲမြို့အနေဖြင့် ဗိုလ်လုပွဲကို ယနေ့တွင် ကျင်းပမည်ဖြစ်ကာ အကြီးတန်းနှင့်အငယ်တန်းပြိုင်ပွဲများအတွက် ပထမဆု၊ ဒုတယဆု၊ ပူးတွဲ တတိယဆုဟူ၍ ဆု ၄ ဆုစီ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)


