ညောင်ဦး ၂၆ ဒီဇင်ဘာ
ဒီဇင်ဘာရုံးပိတ်ရက်တွင် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင် ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားများ၊ ရှေးဟောင်းသာသနိက အဆောက်အအုံများနှင့် နေရာအနှံ့ရှိ ဘုရားစေတီပုထိုးများ၌ ဘုရားဖူး လာရောက်လည်ပတ်ကြသည့် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်များဖြင့် အထူးစည်ကားလျက်ရှိကြောင်း ပုဂံမြို့ဟောင်းသွား လမ်းဘေးအနီး မြင်းကပါကျေးရွာမှ ဒေသခံပြည်သူ ဦးဝင်းမင်းထွန်းထံမှ သိရသည်။
ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် ပုဂံခေတ် ရှေးဟောင်းသမိုင်းဝင်း တန်ခိုးကြီးဘုရားများ၊ ရှေးဟောင်း သာသနိကအဆောက်အအုံများအပြင် နေရာအနှံ့အပြားတွင် ဖူးမြော်ကြည်ညို၍ မကုန်နိုင်သော ဘုရားစေတီပုထိုးများစွာ တည်ရှိနေခြင်းကြောင့် ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်များက အားလပ်ချိန်များတွင် စိတ်ဝင်တစ်စား လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။
“ပုဂံခေတ် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များစွာတည်ရှိနေတဲ့ ကျွန်တော်တို့ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသကို ပြည်တွင်း၊ ပြည်ပ ဘုရားဖူးဧည့်သည်တွေ ရာသီမရွေးဆိုသလို အများအပြား လာရောက်ဖူးမြော်လျက် ရှိနေပါတယ်။ ယခုဆိုရင် ကျွန်တော်တို့ ပုဂံဒေသဟာ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုခြင်းလည်း ရရှိပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။ ပုဂံဒေသကို လာရောက်လည်ပတ်ကြတဲ့ ဘုရားဖူးဧည့်သည်များတွင် ပြည်ပနိုင်ငံတွေက နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေဟာ ခရီးသွားရာသီချိန်တွေမှာ ပိုပြီးလာရောက်သူဦးရေများပြီး ပြည်တွင်းဘုရားဖူး ဧည့်သည်တွေကတော့ အားလပ်ရက် ရုံးပိတ်ရက်တွေ၊ နေ့ထူးနေ့မြတ် ခါကြီးရက်ကြီးတွေမှာ လာရောက်တဲ့ ဦးရေ ပိုများတာဖြစ်ပါတယ်။ ယခု ဒီဇင်ဘာလဆိုရင် ခရစ္စမတ်ရုံးပိတ်ဖြစ်လို့ ကျွန်တော်တို့ ပုဂံဒေသမှာ ပြည်တွင်းဘုရားဖူး ဧည့်သည်တွေ ဘုရားဖူးလာရောက်တာ အရမ်းများပါတယ်။ ပြည်တွင်းဘုရားဖူး ဧည့်သည်တွေကတော့ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု ဒေသမှာရှိတဲ့ သမိုင်းဝင်တန်ခိုးကြီးဘုရားတွေဖြစ်တဲ့ ရွှေစည်းခုံ၊ လောကနန္ဒာ၊ တုရင်တောင်၊ တန့်ကြည်တောင်၊ သဗ္ဗညု၊ အာနန္ဒာ၊ ထီးလိုမင်းလို၊ အလိုတော်ပြည့်၊ ဓမ္မရံကြီး၊ စူဠာမဏိ၊ မနူဟာ၊ မြစေတီ၊ ဗူးဘုရား၊ ကန်တော့ပလ္လင်၊ ရွှေဆံတော်၊ ဓမ္မရာဇက၊ ရှင်အဇ္ဇဂေါဏ၊ ငှက်ပစ်တောင်၊ မင်းအိုချမ်းသာ၊ ပြည့်ငါးပြည့်ဘုရား၊ ပုဂံရှေးဟောင်းအမျိုးသားပြတိုက် စသည့် ဘုရားများကို အများဆုံး သွားရောက်လည်ပတ်ဖူးမြော်ကြပြီး ပြည်ပခရီးသွားဧည့်သည်များကတော့ ပုဂံညောင်ဦးဒေသမှာရှိတဲ့ စိတ်ဝင်စားဖွယ်ရာ ရှေးဟောင်းအနုပညာ လက်ရာများ၊ ရှေးဟောင်းသာသနိက အဆောက်အအုံများနှင့် ယနေ့ထိတိုင် ခန့်ညားထည်ဝါစွာ တည်ရှိနေသည့် သမိုင်းဝင်တန်ခိုးကြီး ဘုရားများကို သွားရောက်လေ့လာခြင်း၊ ရင်သပ်ရှုမောဖွယ်ရာ ဘုရားစေတီပုထိုးများနဲ့ လှပနေတဲ့ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေရဲ့ နေထွက်နေဝင်ချိန် သဘာဝအလှတရားများကို ကြည့်ရှုနိုင်ရန်အတွက် တာဝန်ရှိသူများက စီစဉ်ပေးထားတဲ့ တောင်ကုန်းတုတွေပေါ် သွားရောက်ပြီး လည်ပတ်ကြည့်ရှုကြပါတယ်” ဟု ပုဂံမြို့ဟောင်းသွား လမ်းဘေးအနီးရှိ မြင်းကပါကျေးရွာမှ ဒေသခံ ကိုဝင်းမင်းထွန်းက ပြောပြသည်။
ဒီဇင်ဘာရုံးပိတ်ရက်ဖြစ်၍ ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားစေတီပုထိုးများတွင် အမြို့မြို့အနယ်နယ်မှ ဌာနဆိုင်ရာရုံးဝန်ထမ်းများ၊ ပုဂ္ဂလိကရုံးဝန်ထမ်းများနှင့် ရောက်ဖူးအောင် မိသားစုအလိုက် လာရောက်ဖူးမြော်ကြသူများဖြင့် နေရာစုံအနှံ့ ဘုရားစေတီပုထိုးများတွင် စည်ကားများပြားလျက်ရှိကာ ဘုရားဖူးဧည့်သည်များ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ဘုရားများရှိ ဂေါပကအဖွဲ့များနှင့် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲဝင်များက ယာဉ်ကြောရှင်းလင်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဘုရားစေတီပုထိုးများတွင် ဒေသထွက် အမှတ်တရလက်ဆောင်ပစ္စည်း လာရောက်ရောင်းချသည့် ဈေးသည်များမှာလည်း ဈေးရောင်းကောင်းပြီး စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)