ဒီးမော့ဆို ၁၆ အောက်တိုဘာ
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒီးမော့ဆိုမြို့နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသော အခြေခံပညာကျောင်း ၉ ကျောင်း အတွက် ဆိုလာ ၉ စုံနှင့် ကွန်ပျူတာ၊ ပရင်တာ၊ မီးစက် တစ်စုံ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၁ နာရီခွဲက ငွေတောင်ကျေးရွာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာတွင် ကယားပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြား ရေးမှူး ဦးအောင်ကျော်ထူးက လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာများတွင် တာဝန် ထမ်း ဆောင်နေသော ပညာရေး ဝန်ထမ်းများအတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြု နိုင်စေရန် ရည်ရွယ်၍ ကယားပြည်နယ် အစိုးရအဖွဲ့မှ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်ရန်ပုံငွေဖြင့် လျှပ်စစ်မီးမရရှိသေးသော ဒီးမော့ဆိုမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း ၉ ကျောင်းအား ဆိုလာနှင့် ဆက်စပ်ပစ္စည်း ၉ စုံ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ကွန်ပျူတာ၊ ပရင်တာ၊ မီးစက်တစ်စုံကို ထောက်ပံ့ပေးအပ်သွားမည် ဖြစ်ကြောင်း၊ အဆိုပါ ပစ္စည်းများ ရေရှည်အသုံးပြုနိုင်အောင် စနစ်တကျကိုင်တွယ်သုံးစွဲကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်နှင့် မြို့နယ် ပညာရေးမှူး ဒေါ်နော်အယ်ဖောတို့က လျှပ်စစ်မီးမရရှိသေးသော ဟန်လီ၊ ခူးပရာရွာသစ်၊ ဒေါပဲ့ဒူ၊ ဒေါဆိုကလဲ၊ နီဒူးခူ၊ လေမအန်းခူ၊ ဒေါရောက်ခူဘထိုးရပ်ကွက်၊ ယပ်ခူနှင့် ခူးဘာတိုကျေးရွာ အခြေခံပညာ ကျောင်းများအတွက် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ၊ ဒေါဖုကျေးရွာ အခြေခံပညာ ကျောင်းအတွက် ကွန်ပျူတာ၊ ပရင်တာ၊ မီးစက် တစ်စုံတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)


