ဒီးမော့ဆို ၂၃ နိုဝင်ဘာ

ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အထင်ကရနေရာများဖြစ်သော သမိုင်းဝင် ထီးပွင့်ကန်တော်၊ ကန်ခုနစ်ဆင့်၊ ငွေတောင်ဆည်နှင့် ပန်ပက်ကျေးရွာတို့တွင် ပြည်တွင်းပြည်ပ ခရီးသွားပြည်သူများ နေ့စဉ်နှင့်အမျှ လာရောက်လည်ပတ်မှု များပြားလျက်ရှိ ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်သို့ လာရောက်ကြသော ပြည်တွင်းပြည်ပ ခရီးသွား ပြည်သူများသည် သမိုင်းဝင် ထီးပွင့်ကန်တော်နှင့် ကန်ခုနစ်ဆင့်သို့ သွားရောက်လည်ပတ်ပြီး ငွေတောင်ဆည်၏ သဘာဝအလှအပများကို ကြည့်ရှုခံစားခြင်း၊ အမှတ်တရဓာတ်ပုံ ရိုက်ကူးခြင်း၊ ဒေသထွက်ရိုးရာပစ္စည်းများ ဝယ်ယူခြင်း၊ လေ့လာခြင်းနှင့် ဆင်စီးခြင်းများကို ဆောင်ရွက်ကြသည်။ ။

 

mdn

 

ဒါ့အပြင် ကယန်းတိုင်းရင်းသားတို့နေထိုင်ရာ ပန်ပက်ကျေးရွာသို့ သွားရောက်လည်ပတ်ကြသော ပြည်တွင်းပြည်ပ ခရီးသွားပြည်သူများသည် ကယန်းလူမျိုးတို့၏ နေထိုင်မှုပုံစံများ၊ ရိုးရာဓလေ့များ၊ ရိုးရာဝတ်စားဆင်ယင်မှု၊ ရိုးရာဂျပ်ခုတ်လုပ်ငန်းများကို လေ့လာကြသည့်အပြင် ဒေသထွက် ရိုးရာပစ္စည်းများ၊ အသုံးအဆောင်များအား အမှတ်တရလက်ဆောင်အဖြစ် ဝယ်ယူခြင်း၊ ရိုးရာဝတ်စုံများ ဝတ်ဆင်၍ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းများကို ဆောင်ရွက်ကြသည်။ ။

ပန်ပက်ကျေးရွာသို့ လာရောက်ကြသော ခရီးသွားပြည်သူများသည် အများအားဖြင့် ပြည်တွင်းခရီးသွားများက ဒေသထွက် ရိုးရာပစ္စည်းများရောင်းချသော ဈေးတန်းအထိသာ လာရောက်လေ့လာကြပြီး နိုင်ငံခြားသား ခရီးသွားများက ဈေးတန်းအပြင် ကယန်းတိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာအထိ သွားရောက်လေ့လာကြကြောင်း ဒေသထွက်ရိုးရာပစ္စည်းများ ရောင်းချသူ ဒေသခံတစ်ဦးထံမှ သိရသည်။

ရီရယ် (ဒီးမော့ဆို)

 

mdn