ဒီးမော့ဆို ၁၈ ဇွန်
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပေါ်စေရေး ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချ လျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမှု ရှိ/မရှိ ဒုတိယအကြိမ် စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ဒီးမော့ဆိုမြို့နယ် ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေး ကော်မတီဝင်များက မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချ လျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ၊ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချ ရာတွင် ဆိုင်ရှင်နှင့် ဝန်ထမ်းများ၊ စားသုံးသူများ လိုက်နာရမည့် စည်းကမ်း ချက်များနှင့် ဆိုင်များတွင် အကာအကွယ် ဆောင်ရွက်ထားရှိမှု ရှိ/မရှိ အခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့သည်။
ဒီးမော့ဆိုမြို့နယ်တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် စုစုပေါင်း ၇၁ ဆိုင် ဖွင့်လှစ် ရောင်းချ လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာလ၌ ရောဂါကူးစက်မှု မဖြစ်ပေါ်စေရေး သတ်မှတ်စည်းကမ်းချက်နှင့် အညီ ဖွင့်လှစ်ရောင်းချရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)


