ဒီးမော့ဆို၊ ၁၁ ဇန်နဝါရီ
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီကျေးရွာ ဖူးပွင့်ဝေစီ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၌ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၏ ရပ်ရွာအခြေပြု အခြေခံစက်ချုပ် သင်တန်းဆင်းပွဲကို ဇန်နဝါရီ ၁၁ ရက် နံနက် ၉ နာရီခွဲက ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ကယားပြည်နယ် လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သိန်းသိန်းမြင့်က ရပ်ရွာအခြေပြု အခြေခံစက်ချုပ်သင်တန်းသည် အမျိုးသမီးများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများတွင် အထောက်အကူပြုစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေး ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်း ဖြစ်ကြောင်း၊ သင်တန်းတွင် ရရှိခဲ့သော ပညာရပ်များကို မိမိဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိစွာအသုံးချကြရန် လိုအပ်ကြောင်း၊ ယခု စက်ချုပ်သင်တန်းသည် အခြေခံသင်တန်းဖြစ်သည့်အတွက် အဆင့်မြင့်ပညာများကို ဆက်လက်လေ့လာသင်ယူကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် ညွှန်ကြားရေးမှူး က ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသော သင်တန်းသူများကို ဆုများချီးမြှင့်ပြီး ခရိုင်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးစန်းနှင့် တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များကို သင်တန်းသူများထံ ပေးအပ်ကြသည်။
အဆိုပါသင်တန်းတွင် သင်တန်းသူ ၁၅ ဦးအား သင်တန်းကာလ တစ်လအဖြစ် သင်ကြားပို့ချပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)