ဒီးမော့ဆို ၂၃ ဇူလိုင်
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးကျော်ကျော်၊ ကယားပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ စစ်ဆေးရာတွင် ခူးပရာကျေးရွာအုပ်စု ခူးပရာ-ကန်ကလုပ်-စနိုက်(ခေါင်းကိင်) ကျေးရွာချင်းဆက် မြေလမ်း ၇ မိုင် ၄ ဖာလုံပေါ်တွင် ၂ မိုင် ကျောက်ခင်းခြင်းနှင့် Box Culvert ၄ စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ခူးပရာ-ဒေါရောက်ခူ ကျေးရွာချင်းဆက်မြေလမ်း ၅ မိုက်အနက် ၂ မိုင် ကျောက်ခင်းခြင်းနှင့် Box Culvert ၄ စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ခူးပရာ-ဘာဒို-ဆီးဆောင် ကျေးရွာချင်းဆက်လမ်း ၅ မိုင် ၃ ဖာလုံအနက် ၂ မိုင် ကျောက်ခင်းခြင်းလုပ်ငန်း၊ ခူးပရာ-ဘီးသူထက်-ဘီးသူအောက် ကျေးရွာချင်းဆက် လမ်းပေါ်တွင် Box Culvert ၂ စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ဒေါက်ရောက်ခူ-ဟန်လီ-မော်သီဒို ကျေးရွာချင်းဆက်လမ်း ၁၅ မိုင် ၂ ဖာလုံမှ ကျန်ရှိသော ၅ မိုင် ၂ ဖာလုံအနက် ၂ မိုင် ကျောက်ခင်းခြင်းနှင့် Box Culvert ၂ စင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ဒေါရောက်ခူ-ခူးဘာဒို ကျေးရွာချင်းဆက်လမ်း ၂ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းနှင့် ပန်ပက်ကျေးရွာအုပ်စု ဒေါကေး ရွာလယ်လမ်းအရှည် ၁၁၀၀ ပေအား ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို စစ်ဆေးခဲ့ပြီး လုပ်ငန်းများအားလုံး ရာနှုန်းပြည့်နီးပါး ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ရန်ပုံငွေဖြင့် ကျောက်လမ်းအရှည် ၁၂ မိုင်၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း ပေ ၁၁၀၀ ၊ Box Culvert ၁၂ စင်း စုစုပေါင်း ခွင့်ပြု ရန်ပုံငွေကျပ် ၁၁၃၀ ဒသမ ၀၄၈ သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက နယ်စပ်ဒေသရှိ ကျေးလက်နေပြည်သူများ တစ်ရွာနှင့် တစ်ရွာ ရာသီမရွေး သွားလာနိုင်မည်ဖြစ်သည့်အပြင် လမ်းတစ်လျှောက်ရှိ ကျေးရွာများအနေဖြင့် ကယားပြည်နယ် ဒီးမော့ဆို၊ ဖရူဆို၊ လွိုင်ကော်မြို့နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်များသို့ လွယ်ကူစွာ သွားလာနိုင်မည်ဖြစ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)


