ဒီးမော့ဆို   ၂၇   နိုဝင်ဘာ  

 

ကယားပြည်နယ်အတွင်း ကျား/မ အခြေပြုအကြမ်းဖက်မှု ကာကွယ်၊ တားဆီးတုံ့ပြန်ကူညီပေးသည့် အဖွဲ့များ ပူးပေါင်းပြီး ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ကဲရ်-မြန်မာတို့ ဦးဆောင်ကျင်းပသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် (၁၆) ရက်တာလှုပ်ရှားမှု အခမ်းအနားကို မုဒိမ်းမှုများ တားဆီးဖို့၊ မုဒိမ်းမှုများ ပပျောက်ဖို့ အားလုံးပူးပေါင်း ဆောင်ရွက်ကြပါစို့ ဆောင်ပုဒ်ဖြင့် ယနေ့ နံနက် ၉ နာရီက ဒီးမော့ဆိုမြို့နယ် ဒီးမော့ဆိုကျေးရွာအုပ်စု ဒေါငံခါးရပ်ကွက်(၂) ငြိမ်းချမ်းခြင်း သခင်မခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ အခမ်းအနားကို အမျိုးသမီး ဖွံ့ဖြိုးမှုစင်တာ(WDC) အမျိုးသမီး ဗုံပလွေအဖွဲ့မှ ဖဲကြိုးဖြူ သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်က အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ ကဲရ်-မြန်မာ စီမံချက်အရာရှိ ဒေါ်လူစီးယာက ဖဲကြိုးဖြူသမိုင်းကြောင်းကို ရှင်းလင်း ပြောကြားပြီး တရားလွှတ်တော်ရှေ့နေ ဦးမာတီးနိုက အမျိုးသမီးများအား ကာကွယ်သော ဥပဒေဆိုင်ရာ များကို အသိပညာပေး ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် အမျိုးသမီးဖွံ့ဖြိုးမှုစင်တာ(WDC) အမျိုးသမီးဗုံပလွေအဖွဲ့မှ ကျား/မ အခြေပြု အကြမ်းဖက်မှု ဆိုင်ရာ သတင်းအချက်အလက်များကို မျှဝေပြီး ဒေါငံခါးရပ်ကွက်(၁) လူငယ်များနှင့် လီဝိုး ကျေးရွာ လူငယ်များက ကယန်းရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြကာ မြို့နယ်အုပ်ချုပ်ရေးမှူး က ရိုးရာယဉ်ကျေးမှု အဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။

 

ယင်းနောက် တက်ရောက်လာကြသူများအား အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနှင့် စပ်လျဉ်းသော အမေးအဖြေများကို မေးမြန်းပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)