ဒီးမော့ဆို ၂၇ ဧပြီ
ကယားပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဌေးလွင်နှင့် တာဝန်ရှိသူများသည် ဒီးမော့ဆိုမြို့နယ်တွင် စေတနာ့ဝန်ထမ်း (Volunteer) ဦးဆောင်ဖွဲ့စည်းနိုင်ရေးအတွက် စေတနာ့ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြည်နယ် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေး က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် Community Based Facility Quarantine ထားရှိသည့်နေရာများ၌ ဌာနဆိုင်ရာများနှင့်အတူ စေတနာ့ဝန်ထမ်းအဖြစ် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်လျက်ရှိကြောင်း၊ စေတနာ့ဝန်ထမ်းများအနေနှင့်လည်း မိမိဆောင်ရွက်နိုင်မည့် အချိန်အတိုင်းအတာအပေါ် မူတည်၍ စာရင်းပေးသွင်းကြရန် လိုအပ်ပြီး ယခု စာရင်းပေးသွင်းထားသော စေတနာ့ ဝန်ထမ်းများသည် လူငယ်အများစု ပါဝင်သည့်အတွက် ဝမ်းမြှောက်ဂုဏ်ယူပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာ တွင်လည်း လိုအပ်သော အကာအကွယ်ပစ္စည်းများကို စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ဆွေးနွေးတင်ပြပြီး ပြည်နယ် ဝန်ကြီးနှင့် တာဝန်ရှိသူများက တင်ပြချက်အပေါ် ပြန်လည်ဆွေးနွေး ဖြေကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် Community Based Facility Quarantine ထားရှိသည့် စိုက်ပျိုးရေးသိပ္ပံ(ဒီးမော့ဆို)နှင့် အခြေခံပညာ အထက်တန်းကျောင်း(ဒီးမော့ဆို) တို့အား ကြည့်ရှုစစ်ဆေးပြီး တာဝန်ကျ ဝန်ထမ်းများအနေနှင့် (Quarantine Center) နေရာများတွင် လိုအပ်ချက်များရှိပါက တင်ပြပေးကြရန်နှင့် တင်ပြချက်အပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရီရယ်(ဒီးမော့ဆို)


