ဒီးမော့ဆို          ၅       ဩဂုတ်             

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) နှင့် Cash for Work စီမံကိန်းကျေးရွာများသို့ ရန်ပုံငွေလွှဲပြောင်း ပေးအပ်ခြင်းကို ဩဂုတ် ၄ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ လွိုင်ကော်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသောင်းမြင့်က အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်နော်ချောစုက ရန်ပုံငွေများ သုံးစွဲမှုနှင့်စပ်လျဉ်း၍ လိုက်နာ ဆောင်ရွက်ရမည့်အချက်များအား ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ခရိုင်ဦးစီးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) နှင့် Cash for Work စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများသို့ ရန်ပုံငွေများ လွှဲပြောင်း ပေးအပ်ရာ ကျေးရွာကော်မတီဝင်များက လက်ခံရယူကြပြီး ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေ လွှဲပြောင်းပေးအပ်မှုနှင့် ပတ်သက်သော သဘောတူစာချုပ်များကို ဌာနဆိုင်ရာကော်မတီဝင်များက လက်မှတ်ရေးထိုးကြသည်။

 

ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) သည် နိုင်ငံတော်မှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ကို အထောက်အကူပြုစေရန်နှင့် လုပ်ကွက်ငယ်တောင်သူများ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတွင် လိုအပ်သော ငွေကြေးအရင်းအနှီးများ ရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ဖြင့် ကျေးရွာ ၁၂ ရွာ၌ ရန်ပုံငွေကျပ် ၃၀၀ သိန်း ရရှိမည့် ကျေးရွာ ၄ ရွာ၊ ရန်ပုံငွေကျပ် ၂၀၀ သိန်းအတွက် ကျေးရွာ ၆ ရွာ၊ ရန်ပုံငွေကျပ် ၁၀၀ သိန်းအတွက် ကျေးရွာ ၂ ရွာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Cash for Work စီမံကိန်းသည် ကျေးရွာ၏ ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံအဆောက်အဦဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးလက်နေပြည်သူများ ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခပေးချေခြင်းဖြင့် ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောင်အဦ ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျေးရွာတစ်ရွာလျှင် ရန်ပုံငွေကျပ် ၁၀၀ သိန်း ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကာ ဒီးမော့ဆိုမြို့နယ်တွင် ကျေးရွာ ၃၆ ရွာ အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

 

ရီရယ်(ဒီးမော့ဆို)