ဒီးမော့ဆို   ၁၂   မေ

 

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် သစ်တောဦးစီးဌာန အနေဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြေရေးနှင့် သစ်တောပြုန်းတီးမှုကြောင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကို လျော့ချသွားနိုင်ရန် ရည်ရွယ်ပြီး မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ကျေးရွာပြည်သူလူထုများထံ ပျိုးပင်ပေါင်း ၃၅၆၅၈ ပင် ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

 

"၂၀၁၉-၂၀၂၀ မှာ သစ်တောဦးစီးဌာန၏ အစီအစဉ်အနေနဲ့ နိုင်ငံတော်ပိုင် စိုက်ခင်း (၁/၂၀၂၀ ရေဝေရေလွှဲစိုက်ခင်း) ၁၅၀ ဧကကို ဒေါရောက်ခူဒေသမှာ ပျိုးပင်ပေါင်း (၃၀ဝ၀ဝ) စိုက်ပျိုးသွားမည်ဖြစ်ပြီး လူထုဖြန့်အနေနဲ့ ပျိုးပင်ပေါင်း (၃၅၆၅၈) ပင်ကို သစ်မျိုး ၁၃ မျိုးဖြင့် ပျိုးထောင်ထားပြီ ဖြစ်ပါတယ်၊ ဒီအပင်တွေကို လာမည့် မိုးရာသီကာလမှစပြီး မြို့နယ်ရှိ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ကျေးရွာပြည်သူလူထုများထံ  အခမဲ့ ဖြန့်ဝေပေးသွားမည်" ဟု မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစွမ်းထက်ကို ပြောကြားသည်။

 

ဒီးမော့ဆိုမြို့နယ်တွင် ယခင်နှစ်က လူထုဖြန့်အနေနှင့် ပျိုးပင်ပေါင်း တစ်သိန်း ဖြန့်ဝေစိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် လျာထားချက်အရ  ကျွန်း ၇၅၀ဝ ပင်၊ မန်ဂျန်ရှား ၂၅၀ဝ ပင်၊ ရေသင်းဝင် ၃၀ဝ၀ ပင်၊ မယ်ဇလီ ၃၀ဝ၀ ပင်၊ ကံ့ကော် ၅၀ဝ ပင်၊ ပနားမားငု ၂၀ဝ၀ ပင်၊ လျှော်ဖြူ ၅၀ဝ၀ ပင်၊ စိန်ပန်းနီ ၆၅၈ ပင်၊ ပျဉ်းကတိုး ၁၀ဝ၀ ပင်၊ ထင်းရှူး ၁၀ဝ၀ဝ ပင်နှင့် ပိတောက် ၅၀ဝ ပင် စုစုပေါင်း ပျိုးပင်ပေါင်း ၃၅၆၅၈ ပင်ကို ဖြန့်ဝေစိုက်ပျိုးသွားမည် ဖြစ်သည်။

 

ရီရယ်(ဒီးမော့ဆို)