ဒီးမော့ဆို ၁၆ မေ         

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေးအတွက် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက နေရာ (၅) နေရာ၌ မဖြစ်မနေ Mask တပ်ဆင်ရေးလှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဒီးမော့ဆိုမြို့နယ်တွင် မဖြစ်မနေ Mask တပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှုများကို မေ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ပြီး မေ ၁၆ ရက်တွင် နေရာ (၅) နေရာများဖြစ်သော ဒီးမော့ဆိုမြို့မစျေး၊ လွိုင်ကော်-ဘောလခဲ-ဒေါတမကြီး မီးပွိုင့်လမ်းဆုံ၊ ချယ်ရီလမ်းဆုံ၊ ဒေါတဝီ ပူးပေါင်း စစ်ဆေးရေးဂိတ်နှင့် ကပ္ပါယ်ခူ ပူးပေါင်းစစ်ဆေးရေးဂိတ်တို့တွင် မဖြစ်မနေ Mask တပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် Mask တပ်ဆင်ခြင်းမရှိဘဲ ပြင်ပသို့ ထွက်ခွာသွားလာသူများအား အရေးယူ ဆောင်ရွက်သည့်အနေဖြင့် Mask နှစ်ခုကို ငွေကျပ် (၁၀၀၀) နှုန်းဖြင့် ဝယ်ယူတပ်ဆင်စေကြောင်း သိရသည်။

 

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန့်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်နှင့် အဖွဲ့ဝင်များက ဆောင်ရွက်ကြကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)