ဒီးမော့ဆို    ၊ ၃၀ ဇန်နဝါရီ    

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် ယခင်နှစ်များထက် နွေစပါးစိုက်ဧက လျာထားချက်များစွာ လျော့နည်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးက သိရသည်။

ယခင်နှစ်က နွေစပါးစိုက်ပျိုးနိုင်သော ကျေးရွာအုပ်စု ၁၂ အုပ်စုတွင် နွေစပါး  ၃၁၀၄ ဧက လျာထားစိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် မိုးရွာသွန်းမှု နည်းပါးသည့်အတွက် ဆည်၊ ကန်၊ ချောင်း၊ မြောင်းများတွင် ရေသိုလှောင်နိုင်မှု ပမာဏာနည်းပါးခြင်းကြောင့် နွေစပါးစိုက်ပျိုးနိုင်သည့် ကျေးရွာ အုပ်စု ၄ အုပ်စုဖြစ်သော ဆင်တောင်၊ ဘုရားဖြူ၊ နောင်ပုလဲနှင့် ငွေတောင်ကျေးရွာအုပ်စု တို့တွင် ဆည်ရေသောက်စနစ်ဖြင့် နွေစပါးဧက ၅၅၀ ၊ ရေစုပ်တင်စနစ်ဖြင့် ဧက ၂၅၀ စုစုပေါင်း နွေစပါး ဧက ၈၀၀  ကိုသာ စိုက်ပျိုးနိုင်ရန် လျာထားလျက်ရှိကြောင်း သိရသည်။

ဒါ့ပြင် ဒီးမော့ဆိုမြို့နယ်ရှိ ငွေတောင်ဆည်သည် ယခင်နှစ်များက နွေစပါးစိုက်ဧက ၁၄၀၀ ကျော်ကို စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေနိုင်ခဲ့သော်လည်း ယခုနှစ်တွင် မိုးရွာသွန်းမှုနည်းပါးသည့်အပြင် ဆည်၏ရေအရင်းအမြစ်တစ်ခုဖြစ်သော နန်းစံဖူးသဘာဝရေထွက်ပေါက်မှ ရေထွက်နှုန်းကျဆင်းသည့်အတွက် ရေသိုလှောင်နိုင်မှုပမာဏာ လျော့နည်းခဲ့ပြီး ယခုနှစ်တွင် နွေစပါးဧက ၃၀၀ ခန့်သာ ရေလုံလောက်စွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)