ဒီးမော့ဆို၊  ၁၉  ဒီဇင်ဘာ

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် တိုင်းရင်းဆေးရုံတွင် ကုသစောင့်ရှောက်မှုခံယူနေသော ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၇ ဦးအား ရောဂါလက္ခဏာများ သက်သာပျောက်ကင်းသဖြင့် ဒီဇင်ဘာ ၁၉ ရက် နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။

 

ဆေးရုံဆင်းခွင့်ရသည် ပဲခူးတိုင်းဒေသကြီးမှ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး တစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသား  နှစ်ဦး စုစုပေါင်း ၁၇ ဦးဖြစ်ပြီး ပဲခူးမှ ၁၅ ဦးကိုကုမ္ပဏီမှ စီစဉ်ဆောင်ရွက်ထားရှိသော လွိုင်ကော်မြို့နယ် နိုးကူးစံပြကျေးရွာတွင် Home Quarantine ထားရှိသွားမည်ဖြစ်ကြောင်း၊ ရန်ကုန်မှ အမျိုးသား နှစ်ဦးကို ငွေတောင်ပြည်နာရေးကူညီမှုအသင်း မော်တော်ယာဉ်ဖြင့် ဒီးမော့ဆိုမြို့နယ်အထွက် ကပ္ပါယ်ခူပူးပေါင်းစစ်ဆေးရေး ဂိတ်သို့ပို့ဆောင်ပြီး ၎င်းတို့အား လာရောက်ခေါ်ဆောင်မည့် လူမှုကူညီရေးမော်တော်ယာဉ်ထံ လွှဲပြောင်းပို့ဆောင် သွားမည်ဖြစ်ကြောင်း မြို့နယ် ဆရာဝန် ဒေါက်တာစိုးမင်းထွေးထံမှ သိရသည်။

 

အဆိုပါဆေးရုံဆင်းခွင့်ရ လူနာ ၁၇ ဦးအား ၇ ရက် Home Quarantine နေထိုင်စေရန်နှင့် Home Quarantine ရက်ပြည့်ပါက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်အတိုင်း လိုက်နာနေထိုင်သွားရန် ညွှန်ကြားထား ကြောင်း သိရသည်။

 

ဒီးမော့ဆိုပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၈ ဦး ဆေးကုသမှုခံယူနေပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း မြို့နယ်ဆရာဝန် ဒေါက်တာ စိုးမင်းထွေးထံမှ သိရသည်။

ရီရယ်(ဒီးမော့ဆို)