ဒီးမော့ဆို  ၂၇  မေ        

 

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ် ပေါ်စေရေး ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ဒီးမော့ဆို မြို့မဈေးနှင့် လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီး ငွေတောင်ကျေးရွာရှိ စိုက်ပျိုးရေး သိပ္ပံ(ဒီးမော့ဆို) ကျောင်းရှေ့တို့၌ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူများအား မဖြစ်မနေ Mask တပ်ဆင်ရေး စစ်ဆေးအရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

"မေလ ၁၆ ရက်နေ့ကစပြီး မဖြစ်မနေ Mask တပ်ဆင်ရေး လှုပ်ရှားဆောင်ရွက်ခဲ့တာ ပထမရက်မှာပဲ ပြည်သူ ၁၀ဝ၀ ကျော်ကို Mask တပ်ဆင်ရေး အရေးယူဆောင်ရွက်ခဲ့ပါတယ်၊ ယနေ့ ကာလထိ မဖြစ်မနေ Mask တပ်ဆင်နိုင်ရေး ပြည်သူ ၃၀ဝ၀ ကျော်ကို အရေးယူဆောင်ရွက်သည့် အနေဖြင့် Mask နှစ်ခုလျှင် ငွေကျပ် ၁၀ဝ၀ နှုန်းဖြင့် ချက်ချင်းဝယ်ယူတပ်ဆင်စေပြီး အရေးယူခဲ့ပါ တယ်၊ ဒါကြောင့် ဒီးမော့ဆိုမှာ ယခင်ကထက် Mask တပ်ဆင်သူ ပိုမိုများပြားပြီးတော့ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်များအတိုင်း ပြည်သူများ လိုက်နာဆောင်ရွက်လျက်ရှိကြောင်း ပြောကြားလို့ပါတယ်" ဟု မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန့်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင် က ပြောကြားခဲ့သည်။

 

ဒီးမော့ဆိုမြို့နယ်တွင် မေလ ၁၆ ရက်မှ ၂၇ ရက်ထိ (၁၀)ရက်ကျော် ကာလအတွင်း Mask တပ်ဆင်ခြင်း မရှိဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသော ပြည်သူ ၃၀ဝ၀ ကျော်ကို Mask နှစ်ခုလျှင် ငွေကျပ် ၁၀ဝ၀ နှုန်းဖြင့် ချက်ချင်းဝယ်ယူတပ်ဆင်စေကာ အရေးယူဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက မဖြစ်မနေ Mask တပ်ဆင်ရေး အရှိန်အဟုန်မပျက် စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

ရီရယ်(ဒီးမော့ဆို)