ဒီမိုကရေစီအန္တရာယ်များ အထူးသတိထား

နေပြည်တော် ၁၆ စက်တင်ဘာ 

 

“ဒီမိုကရေစီရဲ့အန္တရာယ်များဆိုတာ ဒီမိုကရေစီ မလိုလားသူများ၊ဒီမိုကရေစီ ကဖျက်ယဖျက်သမားများ၊ ဒီမိုကရေစီကို မယုံကြည်သူများ၊ ဒီမိုကရေစီကို ယုံကြည်သော်လည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အားမလိုအားမရဖြစ်ပြီး မိမိသဘောနဲ့မိမိ လုပ်ချင်ရာလုပ်သည့်အတွက် အာဏာရှင်စနစ်ဆီသို့ ပြန်ပြီးအသက်သွင်းပေးသလို ဖြစ်သွားသူများ၊ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အာဏာရှင်စနစ် တည်မြဲရေးအတွက် ဒီမိုကရေစီကို အလွဲသုံးစားလုပ်သူများ၊ ဒီမိုကရေစီကျင့်စဉ်နဲ့ မညီညွတ်တဲ့ နည်းလမ်းနဲ့ ပြည်သူ့အာဏာကို ရယူဖို့ ¬ကြိုးစားသူများဟာ ဒီမိုကရေစီရဲ့အန္တရာယ်များဖြစ်ပါတယ်”ဟု အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ပေးပို့သည့်သဝဏ်လွှာတွင်ဖော်ပြထားသည်။

 

နိုင်ငံသားအားလုံး မျှော်မှန်းထားသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို စုပေါင်းအင်အားဖြင့် တည်ဆောက်နေသော ကာလတွင် နိုင်ငံတော်သမ္မတကြီး ညွှန်ပြခဲ့သည့် ဒီမိုကရေစီအန္တရာယ်များကို တိုင်းရင်းသားပြည်သူအားလုံး အထူးအလေးအနက်ထား သတိပြုမိကြဖို့ လိုမည်ဖြစ်သည်။ အဆိုပါ ဒီမိုကရေစီအတုအယောင်များနှင့် အန္တရာယ်များကို မျက်ခြည်မပြတ် အထူးဂရုစိုက်၍ သတိထားကြ ရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါအဖျက်အန္တရာယ်များ တစ်စတစ်စအားကောင်းလာလျှင် နိုင်ငံသားအားလုံး၏ မျှော်လင့်ချက်များ ပျက်ပြားသွားနိုင်သောကြောင့်ဖြစ်သည်။

 

ဒီမိုကရေစီပန်းတိုင်သို့ လျှောက်လှမ်းနေသော မျက်မှောက်ကာလမှာ စစ်မှန်သောဒီမိုကရေစီစနစ်ကို အမှန်တကယ်ဖော်ဆောင်နေသော ကာလဖြစ်၍ သက်တမ်းနုနယ်သေးသည်။ ရာစုနှစ်တစ်ဝက်မက အာဏာရှင်စနစ်အမြစ်တွယ်ခဲ့သော မြန်မာနိုင်ငံအဖို့ စစ်မှန်သောဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင် စိန်ခေါ်မှုများစွာ၊ အခက်အခဲများစွာ၊ အန္တရာယ်များစွာတို့ကို ရင်ဆိုင်ကြုံတွေ့ရမည်မှာ မလွဲမသွေဖြစ်သည်။ လက်ရှိတွင် ဒီမိုကရေစီလိုလားသူများက စစ်မှန်သောဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေချိန်တွင် ဒီမိုကရေစီ မလိုလားသူ အတုအယောင်များ၏အန္တရာယ်နှင့် ကြုံတွေ့နေရသည်။

 

ဒီမိုကရေစီသက်တမ်းနုနယ်သေးသောနိုင်ငံအဖို့ တိုင်းပြည်က နုနုမုန်တိုင်းကထန်ထန် ဆိုသကဲ့သို့ ခက်ခဲကြမ်းတမ်းပြီး အန္တရာယ်ထူပြောလှသည်။ အခန့်မသင့်လျှင် ဒီမိုကရေစီနှင့် အလှမ်းဝေးသွားနိုင်သည်။ ပြည်သူများ မျှော်မှန်းထားသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် မျှော်လင့်ချက်များ ပျောက်သွားနိုင်သည်။ ထို့ကြောင့် အဆိုပါအန္တရာယ်များကို ဒီမိုကရေစီစနစ်ကို လိုလားသောပြည်သူများက သတိမူမိကြလိမ့်မည်ဖြစ်သည်။

 

ဒီမိုကရေစီဆိုသည်မှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဟူသည့် လောကပါလတရားများဖြစ်သည်။ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသူ နိုင်ငံသားများ ချမ်းသာကြွယ်ဝမှု ကွာဟချက်နည်းပါးရေးကို ဦးတည်သည်။ ထို့အပြင် နိုင်ငံသူနိုင်ငံသားများ အသက်ရှင်သန်ပိုင်ခွင့်၊ လွတ်လပ်ခွင့်နှင့် ဝမ်းမြောက်ပျော်ရွှင်ခွင့်တို့အတွက် အာမခံချက်ပေးရသည်။ ကာယ၊ ဉာဏစွမ်းအား များအလိုက် အခွင့်အရေးသာတူညီမျှမှု၊ ဥပဒေညီမျှမှု စသည့်အခွင့်အရေးများ အပြည့်အဝရရှိကြသည်။ စစ်မှန်သောဒီမိုကရေစီစနစ်သည် နိုင်ငံသူ နိုင်ငံသားအားလုံးကို အကျိုးပြုသောကြောင့် အဖိုးအနဂ္ဃထိုက်တန်သည်။ ထို့ကြောင့် ဒီမိုကရေစီစနစ်ကို အများပြည်သူတို့က လိုလားကြခြင်း ဖြစ်သည်။ ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်သူတို့ကမူ မလိုလား၊ ကဖျက်ယဖျက်နှင့် အဖျက်အမှောင့်များပင် ပြုလုပ်ကြသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ မျက်မှောက်ကာလတွင် ပေါ်ပေါက်နေသော ဒီမိုကရေစီအန္တရာယ်များကို တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးက သတိမူပြီး ယခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ဆောင်ပုဒ်ဖြစ်သည့် ဒီမိုကရေစီရှင်သန်ရေး ဝိုင်းဝန်းထိန်းညှိဆောင်ရွက်ပေး ဟူသည့်အတိုင်း ဒီမိုကရေစီလမ်းကြောင်း မပျောက်အောင် ဝိုင်းဝန်းထိန်းညှိဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ