ဒီမိုကရေစီအရွေ့ကောင်းကို ပုံဖော်ခြင်း

၁၇ စက်တင်ဘာ

 

ဒီမိုကရေစီဟူသည် အတွေးအခေါ် အယူအဆများဖြင့် တည်ဆောက်ထားသည့် ကွန်မြူနစ်၊ ဆိုရှယ်လစ်တို့ ကဲ့သို့ ဝါဒမဟုတ်၊ စနစ်တစ်ရပ်သာဖြစ်သည်။ နိုင်ငံတွင်းနေ ပြည်သူများ၏ ထိန်းကွပ်မောင်းနှင်အားဖြင့် လည်ပတ်နေသည့် နိုင်ငံရေးယ္တရားဟူ၍လည်း ဆိုနိုင်သည်။ ပြည်သူများ၏ ထိန်းကွပ်မောင်းနှင်အားဟု ဆိုရာတွင်လည်း ပြည်သူတို့က ဆန္ဒမဲများဖြင့်ရွေးချယ်တင်မြှောက်လိုက်သည့် အုပ်ချုပ်သူအစိုးရတို့က ပြည်သူတို့၏ကိုယ်စား ပြည်သူတို့၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ကြရခြင်းဖြစ်သည်။

 

တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ခွင့်တူညီမျှခြင်းဟူသော ဒီမိုကရေစီ၏ အခြေခံလူ့အခွင့်အရေးများက လူသားတို့အတွက် ဆွဲငင်အားကောင်းလှသည့်အလျောက် ဒီမိုကရေစီဟူသော ဝေါဟာရကို မကြာမကြာ ရေလဲသုံးလေ့ရှိကြသည်။ မိမိတို့သည်သာ ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်သူ၊ မိမိတို့စနစ်သည်သာ အနှစ်သာရရှိသော ဒီမိုကရေစီ အစစ်အမှန် စသည်ဖြင့်...။ တစ်ချိန်က မိမိတို့နိုင်ငံတွင် တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်ခဲ့စဉ်ကပင် ဆိုရှယ်လစ်ဒီမိုကရေစီဟူ၍ ပြည်သူတို့ကို မျက်မှန်စိမ်းတပ်ခဲ့ဖူးသည်။ရာစုနှစ်ဝက်တစ်ခုမျှ အချိန်ကာလတို့ ကုန်ဆုံးခဲ့ရပြီးနောက် ယခုအခါမိမိတို့နိုင်ငံမှာ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကာလတစ်ရပ်ကို ဖြတ်သန်းနေကြရပြီဖြစ်သည်။ ချောချောမွေ့မွေ့ သာသာယာယာ ဖြတ်သန်းနေကြရခြင်းမဟုတ်ဘဲ အနှောင့်အယှက်၊ အဖျက်အဆီးနှင့် အခက်အခဲများစွာ၊ စိန်ခေါ်မှုများစွာတို့ကို ရင်ဆိုင်၍ ရည်မှန်းရာဆီသို့ လျှောက်လှမ်းနေကြရခြင်း ဖြစ်သည်။ မျက်မှောက်ကာလ၏ ပစ္စက္ခ အခြေအနေတွင် မိမိတို့နိုင်ငံအတွက် လိုအပ်ချက်မှာ ဒီမိုကရေစီအလေ့အကျင့် ကောင်းများ ရှင်သန်ခိုင်မာရေးဖြစ်သည်။ မိမိတို့ အခွင့်အရေးများ၊ လွတ်လပ်ခွင့်များကို ကျင့်သုံးကြရာတွင် စည်းမျဉ်းစည်းကမ်း၊ ဘောင်များကို ကျော်လွန်မသွားစေရေးဖြစ်သည်။ တရားဥပဒေစိုးမိုးရေးနှင့် တန်းတူညီမျှမှု ရှိရေးတို့ ဖြစ်သည်။

 

ထို့ပြင် “မိမိတို့ မျှော်မှန်းသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက် နိုင်ရေးအတွက် ပြည်သူများအကြား ဒီမိုကရေစီအလေ့အကျင့်ကောင်းများ ရှင်သန်ခိုင်မာလာအောင် အားလုံးက ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ တိုင်းရင်းသားညီအစ်ကို မောင်နှမများအနေဖြင့် ငြိမ်းချမ်း သာယာသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး အောင်မြင်စွာ တည်ဆောက်နိုင်ရေးအတွက် ဒီမိုကရေစီစိတ်ဓာတ်နှင့် အလေ့အကျင့်တို့ကို အရင်းခံကာ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန်နားလည်မှု၊ ယုံကြည်လေးစားမှု၊ ချစ်ခင်ရင်းနှီးမှုများဖြင့် တောင်ပေါ်မြေပြန့် မခွဲခြားဘဲ ပူးပေါင်းဆောင်ရွက်သွားကြရမည့် အချိန်အခါလည်း ဖြစ်နေပါကြောင်း” ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် က စက်တင်ဘာ ၁၅ ရက်၊ ၂၀၁၈ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနား အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည့်အချက်သည် လေးစားလိုက်နာ ဆောင်ရွက်ကြရမည့် အခြေအနေအချိန်အခါနှင့် ကိုက်ညီသော အချက်များပင်ဖြစ်သည်။

 

တစ်ဖန် “ဒီမိုကရေစီစနစ် ကျင့်သုံးရာတွင် မိမိတို့နိုင်ငံနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို ဒီမိုကရေစီ စံနှုန်းများနှင့်အညီ ပြည်သူများကျင့်ကြံနေထိုင်မှသာ ပိုမိုအားကောင်းသော ဒီမိုကရေစီစနစ်ကို ဖြစ်ပေါ်စေမည် ဖြစ်ပါကြောင်း၊ ပြည်သူများသည် ဒီမိုကရေစီအကျင့်ကောင်းများဖြစ်သည့် အများစု၏ဆန္ဒကို အနည်းစုက လိုက်နာ၊ အနည်းစု၏ ဆန္ဒကိုလည်း အများစုက အလေးထားစဉ်းစား၊ မိမိ၏လွတ်လပ်မှုသည် အများအတွက် မထိခိုက်စေခြင်း၊ မျှော်မှန်းသလောက် ခရီးမရောက်နိုင်သော်ငြား စိတ်ရှည်သည်းခံခြင်းတို့ကို နိုင်ငံသားတိုင်း မြတ်နိုးစွာ ကျင့်ကြံကြိုးစားကာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီအရွေ့ကောင်းတစ်ခုကို အတူတကွ ပုံဖော်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း”ဖြင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ နိဂုံးချုပ် အမှာစကားပါ နှိုးဆော်တိုက်တွန်းချက်များကလည်း ပကတိလိုအပ်ချက်များပင် ဖြစ်သည့်အလျောက် မိမိတို့အားလုံး ကျင့်ကြံကြိုးစားကြဖို့လိုသည်ဟု ရှုမြင်မိသည်။

 

မိမိတို့ မျှော်မှန်းကြသည့် လူ့ဘောင်သည် တရားမျှတသော၊လွတ်လပ်သော၊ ခွင့်တူညီမျှ၍ ဝါဒဖြူစင် သော လူ့ဘောင်ဖြစ်သည်။မျှော်မှန်းရာ ပန်းတိုင်သို့ချီတက်ကြရာတွင် စည်းကမ်းရှိရှိ၊ စည်းလုံးညီညွတ်စွာ ဇွဲ လုံ့လ ဝီရိယ သတ္တိတို့ကို အရင်းခံ၍ မဖြစ်မနေ လျှောက်လှမ်းကြရမည်သာဖြစ်ပါကြောင်း။ ။(မြန်မာ့အလင်း)