ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၃ ရက်နေ့က Charles University ၌ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှု အတွေ့အကြုံနှင့် ပတ်သက်၍ “ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းမှုတွင် ကြုံတွေ့ရသော စိန်ခေါ်မှုများ” ခေါင်းစဉ်ဖြင့် ဟောပြောပို့ချခဲ့သည်။
ချက်သမ္မတနိုင်ငံသည် ဥရောပတိုက် အလယ်ပိုင်းမှ ကုန်းတွင်းပိတ် နိုင်ငံဖြစ်သည်။ အစောပိုင်းကာလက ချက်ကိုဆလို ဗေးကီးယားနိုင်ငံအဖြစ် ရပ်တည်ခဲ့ပြီးနောက် ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူးပြောင်းခဲ့သည်။ ချက်နှင့် မြန်မာနိုင်ငံတို့သည် အသွင်ကူးပြောင်းမှု တစ်နှစ်သာ ကွာခြားသော်လည်း ဖွံ့ဖြိုးတိုးတက်မှုမှာ အလှမ်းကွာခဲ့သည်။ မြန်မာနိုင်ငံသည် ၁၉၈၈ ခုနှစ်တွင် ပြည်သူလူထု၏ ဆန္ဒဖော်ထုတ်မှုဖြင့် ပြုပြင်ပြောင်းလဲမှုမှာ ကြမ်းတမ်းခက်ထန်ခဲ့သည်။ ချက်သမ္မတနိုင်ငံ၏ ၁၉၈၉ ခုနှစ် ကတ္တီပါတော်လှန်ရေးမှာ နူးညံ့သိမ်မွေ့ပြီး အသွင်ကူးပြောင်းမှုကို ချောမွေ့ စွာဆောင်ရွက်နိုင်ခဲ့သည်။
မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှု ခက်ခဲကြမ်းတမ်းမှုနှင့် လက်ရှိ အခြေအနေမှန်တို့ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ချက်သမ္မတနိုင်ငံ ၏ တက္ကသိုလ်ကြီးတွင် ရှင်းလင်းပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ချက်သမ္မတနိုင်ငံနှင့် မရှေးမနှောင်းပင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ကြိုးပမ်းရယူခဲ့သော်လည်း အနှောင့်အယှက် အဟန့်အတား အတိုက်အခိုက်များဖြင့် နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင်အောင် ပြောင်းလဲနိုင်ခြင်းမရှိခဲ့ချေ။
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှစတင်၍ အမျိုးသားဒီမို ကရေစီအ ဖွဲ့ချုပ်ပါတီ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲအများစုဖြင့်အနိုင်ရရှိကာ အစိုးရသစ်ဖွဲ့ပြီး အသွင်ကူးပြောင်းမှုကို စတင်ခဲ့ရသည်။ သို့သော် လက်ရှိကျင့်သုံးနေသော ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီမှုမရှိသဖြင့် ထင်သလောက် ခရီးမရောက်ခဲ့ချေ။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
အသွင်ကူးပြောင်းမှုကို စတင်သည်နှင့် (၂၁)ရာစု ပြည်ထောင်စု ငြိမ်းချမ်းရေးကို နိုင်ငံရေးဆွေးနွေးပွဲများ အကြိမ်ကြိမ်ပြုလုပ်၍ အကောင် အထည်ဖော်နေပြီး တိုင်းရင်းသားပြည်သူအားလုံး မျှော်မှန်းထားသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းလာအောင် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံမှ ပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်သည့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို လျှောက်လှမ်းရာတွင် ဖိနှိပ်ဟန့်တားမှုများကြားမှ နှစ်ပေါင်းများစွာ ဖြတ်သန်းရသဖြင့် ပြောင်းလဲမှု မကွာသောနိုင်ငံများ၏ နောက်ဆုံးတွင်ရောက်နေသည်ကို သတိမူရမည် ဖြစ်သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ အသွင်ကူးပြောင်းမှုကိုဖော်ဆောင် သည့် အရပ်သားအစိုးရ ဆက်ခံဖြေရှင်းနေရသည့် အရေးများတွင် ဖွံ့ဖြိုးမှုအနည်းဆုံး ပြည်နယ်ဖြစ်သည့် ရခိုင်ပြည်နယ်၌ ၂၀၁၂ ခုနှစ် ဇွန်လက အသိုက်အဝန်းနှစ်ခုကြားတွင် စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ၂၀၁၆ ခုနှစ်၊ ၂၀၁၇ ခုနှစ်များတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများ နှင့် နောက်ဆက်တွဲပြဿနာများမှာ အကြီးမားဆုံးဖြစ်သည်။ ယင်းတို့ကို အကြောင်းပြု၍ နိုင်ငံတကာမှ အာရုံစိုက်မှု မြင့်တက်လာသည်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်အရေးတို့သည် မြန်မာနိုင်ငံ၏ အသွင် ကူးပြောင်းရေး အစိတ်အပိုင်းများဖြစ်သော်လည်း နိုင်ငံတကာအနေဖြင့် ရခိုင်ပြည်နယ်အရေးကိုသာ ကွက်၍အာရုံစိုက်နေ ကြသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အောင်မြင်ချောမွေ့ စွာဖြတ်ကျော်ပြီး မျှော်မှန်းထားသည့် ပန်းတိုင်သို့ ရောက်နိုင်ရန်အတွက် ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ် အရေးတို့သာမက မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူအားလုံးတို့၏ လူမှုဘဝလိုအပ်ချက်များကိုပါ စိတ်ရင်းစေတနာ မှန်ကန်စွာဖြင့် ပြည်တွင်း၊ ပြည်ပ ဝိုင်းဝန်းပူးပေါင်း ကူညီလက်တွဲ ဖြည့်ဆည်းပေးရမည်ဖြစ်ပါကြောင်း။ ။
(ကြေးမုံ)