၁၇ ဇွန်

မြန်မာနိုင်ငံ၌ ပြည်သူ့ရွေးကောက်ပွဲများမှတစ်ဆင့်  ပေါ်ပေါက်လာသည့် အရပ်သားအစိုးရခေတ်ဖြစ်လာသည့်အချိန်မှစကာ ဒီမိုကရေစီ အခြေခံ အုတ်မြစ်များ ခိုင်ခိုင်မာမာထူထောင်နိုင်ရေးကို  ပြည်သူတို့ မျှော်လင့်ခဲ့ကြသည်။

ဒီမိုကရေစီ  ခိုင်မာမြဲမြံရေး၊ ရေရှည်တည်တံ့ရေးတို့တွင်  မဏ္ဍိုင်များ ခိုင်မာတောင့်တင်းရေး၊    မဏ္ဍိုင်အသီးသီး    လွတ်လပ်အမှီအခိုကင်းစွာ ရပ်တည်နိုင်ရေး၊  မဏ္ဍိုင်အချင်းချင်းထိန်းညှိနိုင်ရေးတို့က  ပင်မလိုအပ်ချက်  တစ်ရပ်ဖြစ်လေ၏။   အုပ်ချုပ်ရေးမဏ္ဍိုင်၊  ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်နှင့်  သတင်းနှင့်စာနယ်ဇင်းမီဒီယာဆိုင်ရာ  စတုတ္ထမဏ္ဍိုင်တို့သည် အချင်းချင်း ထောက်ကူအားဖြည့်ပေးနိုင်ရန် လိုအပ်သလို လွတ်လပ်စွာ ရပ်တည်ရန်လည်း လိုအပ်ပါသည်။ ထို့ပြင် မဏ္ဍိုင်တစ်ခုနှင့် တစ်ခု  ထိန်းညှိနိုင်ရေးကလည်း ဒီမိုကရေစီခိုင်မာရေးအတွက် အရေးကြီးသော အင်အားပင် ဖြစ်ပါသည်။

ထို့ကြောင့် မဏ္ဍိုင်တစ်ခုနှင့် တစ်ခုအကြားတွင်   လွတ်လပ်ပွင့်လင်းစွာ ဆက်ဆံနိုင်ရေးလိုအပ်သကဲ့သို့  ဩဇာလွှမ်းမိုးခြင်းကို သတိပြုရှောင်ကြဉ် ရသည်လည်း ရှိပါသည်။

ဥပမာအားဖြင့်ဆိုရလျှင် အစိုးရအဖွဲ့အစည်းများက တရားစီရင်ရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းမျိုး မဖြစ်စေရန်ကို အထူးဂရုပြုဆောင်ရွက် ကြရ၏။ 

ဥပဒေအတိုင်း တရားစီရင်ရေး လမ်းကြောင်းပေါ်တွင် သွားနေ သည်ကို  အုပ်ချုပ်ရေးမဏ္ဍိုင်က  ဝင်ရောက်မစွက်ဖက်ရသကဲ့သို့  အခြားသော   မဏ္ဍိုင်များကလည်း  အမှားအယွင်းမဖြစ်ရေးကို     ထိန်းကွပ်စောင့်ရှောက်သည်ကလွဲ၍   မဏ္ဍိုင်များ  လွတ်လပ်စွာရပ်တည်နိုင်ရေးကို အားပေးရပါသည်။

ဒီမိုကရေစီ မရင့်ကျက်သည့်ကာလရှည်ကို ဖြတ်သန်းခဲ့ရသည့် နိုင်ငံအဖို့ ဤကဲ့သို့သော မဏ္ဍိုင်များအကြား  ဆက်ဆံရေးကို တည်ဆောက်ရသည့်အခါ အချိန်ယူစိတ်ရှည်စွာဖြင့် စနစ်တကျပြုပြင်ပြောင်းလဲရေးကို အားလုံးညီညွတ်စွာ ကြိုးစားကြရပါသည်။

မဏ္ဍိုင်အချင်းချင်း  ထိန်းညှိနိုင်ရေးက  အခရာကျသော  လုပ်ငန်းဖြစ်သော်လည်း  ဩဇာလွှမ်းမိုး   စွက်ဖက်ရာမကျဖို့ကလည်း  လိုအပ်သည် ဖြစ်လေရာ အလွန်သိမ်မွေ့စွာ ရင့်ကျက်မြော်မြင်ဉာဏ်ကြီးစွာ ထူထောင် ကြရပါသည်။

ဤသို့ ပြုပြင်ပြောင်းလဲရေးကာလတွင် ဒီမိုကရေစီခိုင်ခံ့တည်မြဲရေးကို    လက်တွေ့တည်ဆောက်နေကြသူများ၏    မြော်မြင်ဉာဏ်ကြီးမှုက အလွန်အရေးကြီးပါသည်။  သက်ဆိုင်ရာ မဏ္ဍိုင်အသီးသီးတို့၏ လုပ်ငန်းရပ်များကို  အင်ပြည့်အားပြည့်ဆောင်ရွက်ရန်  လိုအပ်ပါသည်။  မဏ္ဍိုင် အသီးသီးက တာဝန်ယူနေကြသူများ ရင်ဆိုင်နေရသည့် ရင်းမြစ်ပြဿနာများကို  တစ်ခုချင်း  အသေးစိတ် နားလည်အောင်   ကြိုးစားရသလို နိုင်ငံ အဝန်းနှင့် ခြုံငုံသိမြင်သည့် ကျယ်ပြန့်သောအမြင်ဖြင့် သိမြင်ခြင်းကလည်း ဒီမိုကရေစီ ခိုင်မာတောင့်တင်းရေးအတွက် သော့ချက်ဖြစ်ပါသည်။

ကာလရှည်ကြာ  တိတိကျကျ  အောင်အောင်မြင်မြင်  မရှိခဲ့ဖူးသေးသည့်    စနစ်များကို  ပြန်လည်တည်ဆောက်နေရသည့်  အချိန်ဖြစ်သည့်အတွက် ပို၍သတိကြီးကြီးဖြင့် ဆန်းစစ်သုံးသပ်ရသည်များလည်း ရှိမည်ဟု မြင်ပါသည်။    ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကာလအတွက်    အလွန် ကြီးမားသည့် အင်အားသည်ကား ပြည်သူတို့၏ ထောက်ခံမှုကို ရရှိထားသူ အများစုက  ဦးဆောင်မှုကဏ္ဍများတွင် ရှိနေခြင်းဖြစ်ကာ ထိုဦးဆောင် သူများကလည်း နိုင်ငံနှင့် ပြည်သူတို့အတွက် အမှန်တကယ် စေတနာထား မည့်သူများ၊  ကိုယ်ကျိုးမရှာမည့်သူများဟု ယုံကြည်ရခြင်းဖြစ်ပါသည်။

ပြည်သူ့ကိုယ်စားလှယ်အများစုဖြင့်  ဖွဲ့စည်းနိုင်လာသည့်  ပြည်သူ့ အစိုးရလက်ထက်တွင် ဒီမိုကရေစီ ခိုင်မာမြဲမြံရေး၊ ရေရှည်တည်တံ့နိုင်ရေး တို့အတွက် မဏ္ဍိုင်များကို စနစ်တကျ၊ အင်အားရှိရှိ၊ ရင့်ကျက်စွာ၊ အမြော် အမြင်ကြီးစွာ  ထူထောင်ဆောင်ရွက်နိုင်ကြမည်ဟု  မျှော်လင့်ယုံကြည် ထားပါကြောင်း။

မြန်မာ့အလင်း