ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာတွင်

မောင်ဒီမို

 

ဒီမိုကရေစီနိုင်ငံများတွင် တိုင်းပြည်၏အကောင်း အဆိုးသည် နိုင်ငံရေးသမားများ၏ လက်ထဲတွင် ရှိသည်။

 

ဒီမိုကရေစီစနစ်ကို ကျင့်သုံးသောနိုင်ငံများတွင် မဲဆန္ဒရှင်အများစုက မဲပေးရွေးချယ်သူများသည် ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်လာသည်။ ပြည်သူ့ကိုယ်စားလှယ်အများစု ရရှိသည့်ပါတီ၊ အဖွဲ့အစည်း၊ အုပ်စုတို့က အစိုးရအဖွဲ့ကို ခေါင်းဆောင်ဖွဲ့စည်းကြရ၏။ ထိုအစိုးရအဖွဲ့သည် ပြည်သူ့အကျိုးကို သယ်ပိုးရ၏။

 

ထို့ကြောင့် ဒီမိုကရေစီလူ့အဖွဲ့အစည်းတွင် ခေါင်းဆောင်လောင်းများ အရည်အချင်းပြည့်ဝဖို့ လိုအပ်ရုံမက ခေါင်းဆောင်လောင်းများကို ရွေးချယ်တင်မြှောက်ကြမည့် ပြည်သူလူထုကလည်း လူမှန်နေရာမှန် ရွေးချယ်နိုင်စွမ်း ရှိရပါမည်။

 

နိုင်ငံရေးသမားနှင့် နိုင်ငံရေးခေါင်းဆောင်

 

ဒီမိုကရေစီလူ့အဖွဲ့အစည်းတွင် နိုင်ငံရေးသမားနှင့် နိုင်ငံရေးခေါင်းဆောင်ကို စကားလုံးနှစ်မျိုးဖြင့် ခွဲခြားထားသည်။ အမြော်အမြင်ကြီးမားသော တိုင်းပြု ပြည်ပြု နိုင်ငံရေးသုခမိန်ကို Statesman ဟုဆိုပြီး နိုင်ငံရေးသမားကို Politician ဟုဆိုကြသည်။

 

Politician ဟူသည့် နိုင်ငံရေးသမားသည် လာမည့်ရွေးကောက်ပွဲအတွက်သာကြည့်ပြီး Sta-tesman ဟူသည့် အမြော်အမြင်ကြီးမားသော တိုင်းပြုပြည်ပြု နိုင်ငံရေးသုခမိန်သည် နောက်လာမည့် မျိုးဆက်တစ်ခုအတွက်ပါ ကြည့်တတ်သည်။ Statesman အဆင့်ရောက်သွားလျှင် ကိုယ့်ပါတီအဖွဲ့အစည်း အာဏာရရှိရေးထက် တစ်မျိုးသားလုံး၏ အမျိုးသားအကျိုးစီးပွား ဖြစ်ထွန်းရေးကိုသာ ရှေ့တန်းတင်လုပ်ဆောင်လေ့ရှိကြောင်း အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

 

နိုင်ငံရေးကျွမ်းကျင်သူ အချို့က အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်နေရူးကို Statesman ဟု ဆိုပြီး အင်ဒီရာဂန္ဒီကိုမူ Politician ဟုသာ သုံးသပ်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင်မူ အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်းကို စာရေးဆရာကြီး မောင်ထင်က ဗမာ့နိုင်ငံရေးသုခမိန် (Statesman) အဖြစ် အသိအမှတ်ပြု တင်စားရေးသားခဲ့သည်။

 

ဗမာ့နိုင်ငံရေးသုခမိန်

 

ဗမာ့နိုင်ငံရေးသုခမိန်ဟူသည့် ဆောင်းပါးတွင် ဆရာကြီးက “စင်စစ်ဗိုလ်ချုပ်သည် နုပျိုသောအရွယ်၌ နိုင်ငံရေးကို ဆောင်ရွက်ခဲ့ရသော်လည်း သူ၏ အတွေးအခေါ်တို့မှာ ဝါရင့်သော နိုင်ငံရေးသုခမိန် တို့၏ အတွေးအခေါ်မျိုးဖြစ်ရကား ဗိုလ်ချုပ်အား တကယ်ချစ်ပါသည်၊ ခင်ပါသည်၊ သတိရပါသည်ဟု ဆိုလျှင် ပညာရှင်ဆန်သောဗိုလ်ချုပ်၏ အတွေး အခေါ်များ ရင့်သန်လာခဲ့သည့်နည်းတူ လူထု၏ စဉ်းစားဉာဏ်လည်း ရင့်သန်လာကြစေရန် လူထု တစ်ရပ်လုံး ကြိုးစားသင့်လှပေသည်။ နိုင်ငံရေး သမား ပေါသလောက် နိုင်ငံရေးသုခမိန် ရှားလှသော ဤနိုင်ငံတွင် နိုင်ငံရေးသုခမိန်များ ထွန်းပေါ်လာ ပါစေရန် ရည်သန်၍ ကျွန်တော်မှတ်မိသမျှ ဗိုလ်ချုပ် ၏ဟောပြောချက်၊ ကြေညာချက်၊ မိန့်ကြားချက် တို့ကို ယခု တင်ပြပါသည်။ ဗိုလ်ချုပ်ကို ၂၀ ရာစုနှစ် မြန်မာ့နိုင်ငံရေးသုခမိန်ဟု ကျွန်တော် ယူဆလျှင် ယုတ္တိတန်၏၊ မတန်၏ကို စာရှုသူတို့ ဂဏသေချာ ပိုင်းခြားဝေဖန်နိုင်ကြပါစေသတည်း” ဟု သုံးသပ် တင်ပြခဲ့သည်။

 

စာရေးဆရာကြီး ကိုကိုမောင်ကြီးကမူ ဗိုလ်ချုပ် အောင်ဆန်းကို နိုင်ငံရေးပါရမီရှင်ဟု ဆိုသည်။ “ကျွန်တော်သိသော တစ်ရံရောအခါများ” စာအုပ်တွင် ဆရာကြီးက “နိုင်ငံရေးသည် သိပ္ပံအတတ်ပညာ တစ်ရပ်ဖြစ်ရုံမျှသာမကဘဲ အနုပညာ၏သဘော လက္ခဏာကိုလည်း ဆောင်ယူနေပေသည်။ နိုင်ငံရေးခေါင်းဆောင်မှုသည် နိုင်ငံရေးအသိပညာကို သိရှိရုံမျှဖြင့် မလုံလောက်ဘဲ ထိုအသိပညာကို လက်တွေ့ခန်းတွင် ဘယ်ပုံဘယ်နည်း အသုံးပြုရမည်ဆိုသည့် ကျွမ်းကျင်လိမ္မာမှုပညာ (ဝါ) နိုင်ငံရေး အနုပညာကိုလည်း တတ်သိနေရမည်ဖြစ်သည်။

 

ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံရေးကို သာမန် တတ်ကျွမ်းသူမဟုတ်။ နက်နက်နဲနဲ နားလည်တတ်ကျွမ်းပြီး လက်တွေ့လုပ်ငန်းတွင် ထိရောက်အောင်မြင်အောင် အသုံးပြုနိုင်သူဖြစ်သည်ဟု ကျွန်တော် ယုံကြည်ပါသည်။

 

သူနှင့်ခေတ်ပြိုင် နိုင်ငံရေးခေါင်းဆောင်များနှင့် နှိုင်းယှဉ်ပြီးပြောရမည်ဆိုလျှင် ရိုးသားဖြောင့်မတ်သည့်နေရာမှာရော၊ တတ်ကျွမ်းနားလည်ထားသည်များကို လက်တွေ့လုပ်ဆောင်ရာတွင်ပါ အထိရောက်ဆုံးဖြစ်အောင် ဆောင်ရွက်နိုင်စွမ်း ရှိသူဖြစ်သည်။ စာရေးဆရာကြီး မောင်ထင်က ဗိုလ်ချုပ်အောင်ဆန်းအား နိုင်ငံရေးသုခမိန်ဟုခေါ်ခဲ့ပါ၏။ ကျွန်တော်ကတော့ ဗိုလ်ချုပ်အောင်ဆန်းကို နိုင်ငံရေးပါရမီရှင်ဟု ယုံကြည်လျက်ရှိနေခဲ့ပါသည်” ဟု သုံးသပ်ရေးသားခဲ့သည်။

 

နိုင်ငံရေးပညာရပ်

 

ဒီမိုကရေစီရင့်ကျက်သောနိုင်ငံကြီးများတွင်မူ နိုင်ငံရေးအလုပ်ကို ပရော်ဖက်ရှင်နယ် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ရပ် အနေဖြင့် လုပ်ကိုင်လေ့ရှိကြသည်။ နိုင်ငံရေးသမားအချို့က မိမိတို့တတ်ကျွမ်းသည့်ပညာနှင့် တိုင်းပြည်ကို အလုပ်အကျွေးပြုနိုင်ရန်၊ အချို့ကား တန်ခိုး၊ အာဏာ၊ ပါဝါ တို့အတွက်၊ အချို့ကမူ နိုင်ငံရေးမျိုးဆက် အဆက် ဆက်ကို အမွေခံနိုင်ငံရေး မျိုးဆက်ခံယူရန် စသဖြင့် ရည်ရွယ်၍ နိုင်ငံရေးလောကထဲသို့ ခြေစုံပစ် ဝင်ရောက်ကြသည်။

 

သို့အတွက် သူတို့သည် ငယ်စဉ်ကောလိပ် ကျောင်းသားဘဝကတည်းက နိုင်ငံရေးကို စိတ်ဝင် တစား တစိုက်မတ်မတ် လေ့လာခဲ့ကြသည်။ နိုင်ငံရေး ပညာရပ်ကို အခြားအသက်မွေးဝမ်းကျောင်း ပညာရပ်ကဲ့သို့ နှစ်မြှုပ်လေ့လာ ဆည်းပူးကြသည်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအဖြစ် ကြိုက်နှစ်သက်ရာ ပါတီတွင် လုပ်အားပေးကြသည်။ ရွေးကောက်ပွဲ များတွင် အောင်နိုင်ရေးအဖွဲ့ဝင်ခေါ် မဲဆွယ်သူများအဖြစ် ပါဝင်လှုပ်ရှားရင်း နိုင်ငံရေးပညာရပ်ကို စာတွေ့၊ လက်တွေ့ လေ့လာဆည်းပူးကြသည်။ ထို့နောက် မဲဆန္ဒရှင်ပြည်သူများ ယုံကြည်ကိုးစား လောက်သည့်အရည်အချင်း အထိုက်အလျောက် ရှိပြီဟုစိတ်ချရမှ ရွေးကောက်ပွဲဝင်အရွေးခံကြသည်။

 

သို့တစေ ယနေ့ကမ္ဘာတွင် နိုင်ငံရေးသမားများအပေါ် သက်ဆိုင်ရာနိုင်ငံအလိုက် လူထု၏ ယုံကြည်ကိုးစားမှုများ တစ်စတစ် စလျော့နည်းလာခဲ့ကြသလို ဒီမိုကရေစီရှေ့ဆောင်နိုင်ငံကြီး တစ်နိုင်ငံဟုဆိုသည့် အမေရိကန် ပြည်ထောင်စုမှာပင် နိုင်ငံရေးအပေါ် ငြီးငွေ့မုန်းတီးမှုများ ဖြစ်ပေါ်လာခဲ့ကြသည်။

 

အာရှတိုက်တွင်လည်း ဒီမိုကရေစီသက်တမ်းရင့်နိုင်ငံကြီးမှ နိုင်ငံရေးသမားအချို့ကို သူတို့ပြည်သူများက နိုင်ငံရေး လုပ်စားနေကြသူများဟု ဝေဖန်လာကြသည်။ နိုင်ငံရေးကို ရင်းနှီးမြှုပ်နှံမှုတစ်ခုလို လုပ်နေသူတွေများလာပြီ။ နိုင်ငံရေးလုပ်စားသူများက အလားအလာကောင်းသည့် နိုင်ငံရေးပါတီတစ်ခုကို ရန်ပုံငွေကောင်းကောင်းထည့်ပြီး ပါတီထဲ ဝင်ရောက်၊ ပါတီခေါင်းဆောင်ပိုင်းကို လာဘ်ထိုးပြီး အမတ်လောင်းဖြစ်အောင်လုပ်၊ အရွေးခံမည့် မဲဆန္ဒနယ်အတွက် ငွေတွေသုံးပြီး အကျိုးပြုလုပ်ငန်း တွေလုပ်ပြ၊ အမတ်အရွေးခံရလျှင် လုပ်ပိုင်ခွင့် အာဏာရှိသည့် နိုင်ငံရေးရာထူး ဌာနန္တရ ကုလားထိုင်မှာထိုင်ပြီး လေးငါးနှစ်အတွင်း အရင်းကျေရုံမက အဆများစွာ အမြတ်ထွက်အောင် စီးပွားရေးသမားများနှင့် ဝေစားမျှစား လုပ်တတ်သူများအဖြစ် လက်ညှိုးထိုး ဝေဖန်မှုများရှိလာသည်။

 

ဝေဖန်သုံးသပ်မှုများ

 

ယနေ့ခေတ် နိုင်ငံရေးသမားများ လုပ်ဆောင်နေသည့် နိုင်ငံရေးသည် ညစ်ပတ်မှုများရှိလာကြောင်း၊ ငွေနောက်၊ တန်ခိုးအာဏာနောက်၊ ကျော်ကြားမှုနောက်သို့ လိုက်မှုများကများနေကြောင်း ဝေဖန် သုံးသပ်မှုများရှိလာခဲ့ရုံမက ၎င်းတို့ နိုင်ငံ၏ နိုင်ငံရေး လောက အရည်အသွေးမြှင့်တင်ရေးနှင့် ပတ်သက်၍ လွှတ်တော်အမတ်များ၏ အနိမ့်ဆုံး ပညာအရည်အချင်း ကန့်သတ်ချက်ထားရှိရေးအတွက်ပင် ဆွေးနွေး ငြင်းခုန်မှုများ ရှိလာခဲ့ကြောင်း သိရှိရသည်။

 

ဒီမိုကရေစီဘိုးအေ နိုင်ငံကြီးများဖြစ်ကြသည့် ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုမှာပင် ပြည်သူလူထုအတွင်း နိုင်ငံရေးသမားများ၏ ပုံရိပ်များမှာ ကျဆင်းနေသည်။ နိုင်ငံရေးသမားများကို “ငို့ဘ” (ငါ့ဖို့ချည်းပဲကြည့်တတ်သူ) များအဖြစ် အများက သဘောထားလာကြသည်။ ပါလီမန်အမတ်အချို့သည် ကိုယ်ရေးကိုယ်တာအသေးစိတ်မှအစ နိုင်ငံ ဘဏ္ဍာထဲမှ အသုံးစရိတ်ထုတ်ယူသုံးစွဲမှုများရှိလာခဲ့၍ ထိုသို့ ပြစ်တင်ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

 

နိုင်ငံရေးသမားတွေမလိုချင်ဘူး၊ ခေါင်းဆောင် တစ်ယောက် ပေါ်ထွက်လာဖို့ပဲ လိုတယ်ဟူ၍လည်းကောင်း၊ နိုင်ငံရေးသမားကောင်း၊ ခေါင်းဆောင်ကောင်း နှစ်မျိုးစလုံးအတွက် အရည်အချင်းရှိသူကို ရွေးကောက်ရမယ်ဟူ၍ လည်းကောင်း ပြောဆို သုံးသပ်ဝေဖန်မှုများလည်း ရှိလာသည်။

 

မည်သို့ဆိုစေ ဒီမိုကရေစီစနစ်ကိုကျင့်သုံးသော နိုင်ငံတိုင်းတွင် ပါလီမန်လွှတ်တော် ရှိရပါမည်။ လွှတ်တော်တွင် ပြည်သူများက ရွေးကောက် တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိရပါမည်။ လွှတ်တော် ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ရန် ရွေးကောက်ပွဲများ ရှိရပါမည်။ ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီများရှိရပါမည်။ နိုင်ငံရေးပါတီများကို နိုင်ငံရေးသမားများဖြင့် ဖွဲ့စည်းတည်ထောင်ကြ ရပါမည်။

 

ဘာကိုကြည့်ပြီး မဲပေးကြမည်လဲ

 

ဒီမိုကရေစီစနစ်တွင် ပြည်သူလူထုက ဆန္ဒမဲပေးပြီး ရွေးကောက်တင်မြှောက်ရမည့် နိုင်ငံရေးသမားများသည် မည်သို့သော အရည်အချင်းများ ရှိသင့်သည်၊ ပြည်သူက ဘာကိုကြည့်ပြီး မဲပေးကြမည်ဆိုသည်ကသာ အဓိကကျပေသည်။

 

မိမိတို့ရွေးချယ်မည့် ပြည်သူ့ကိုယ်စားလှယ် လောင်းများ၊ ခေါင်းဆောင်လောင်းများသည် တိုင်းပြည်နှင့်လူမျိုး၏အကျိုးကို ဖြောင့်မတ်မှန်ကန် စွာ သယ်ပိုးနိုင်မည့်သူ ဟုတ်မဟုတ်၊ တိုင်းပြည်ကို ဦးဆောင်နိုင်မည့် အရည်အချင်းရှိ မရှိ၊ တိုင်းပြည်နှင့် လူမျိုးအပေါ် သစ္စာစောင့်သိမှုရှိ မရှိ၊ စစ်မှန်သောနိုင်ငံ ချစ်စိတ်၊ မျိုးချစ်စိတ် ရှိ မရှိ၊ နိုင်ငံရေးသိက္ခာ သမာဓိ၊ အကျင့်သိက္ခာသမာဓိ ကောင်းမွန်မှု ရှိ မရှိ၊ တာဝန် ယူမှု၊ တာဝန်ခံမှု ရှိ မရှိ၊ စည်းကမ်းဥပဒေစောင့်ထိန်း မှုရှိ မရှိ၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ အရည်အချင်းကောင်း အတွေ့အကြုံကောင်းများ ရှိ မရှိ၊ မိမိရွေးချယ်မည့် ကိုယ်စားလှယ်လောင်းသည် လူတော်လော လူရှော်လော၊ လူဖြောင့်လော လူကောက်လောစသည်တို့ကို လေ့လာဝေဖန် အကဲဖြတ်၍ လူမှန်နေရာမှန် ရွေးချယ် နိုင်စွမ်းရှိဖို့ကသာ ပို၍အဓိကကျလှပေသည်။

 

ဒီမိုကရေစီနိုင်ငံကြီးများမှ မဲဆန္ဒရှင်အများစုမှာမူ တိုင်းရေးပြည်မှုများကို ဦးဆောင်ဦးရွက်ပြု စီမံခန့်ခွဲကြမည့် ပုဂ္ဂိုလ်များသည် သာမန်လူအဆင့်ထက် ပို၍မြင့်မားသော ကိုယ်ရည်ကိုယ်သွေးရှိသူတွေ ဖြစ်ရမည်ဟု အကဲဖြတ်ပြီး ရွေးကောက်ပွဲများ တွင် ယှဉ်ပြိုင်အရွေးခံကြသည့် နိုင်ငံရေးပါတီများ၏ မူဝါဒများအပြင် ကိုယ်စားလှယ်လောင်း၊ အမတ် လောင်းများ၏ ကိုယ်ရည်ကိုယ်သွေးကိုပါ တတ်နိုင် သမျှ လေ့လာအကဲဖြတ်၍ မူနှင့်လူကို ညှိကာ မဲပေးတတ်ကြသည်။ အချို့မဲဆန္ဒရှင်များကမူ နိုင်ငံ ရေးပါတီ မူဝါဒထက် အမတ်လောင်း၏ အရည် အချင်းကိုကြည့်ပြီး ဆုံးဖြတ်ခြင်းက ဒီမိုကရေစီ နည်းကျသည်ဟု ယုံကြည်ကြသည်။ အချို့ကား နိုင်ငံရေးပါတီကိုကြည့်ပြီး မဲပေးခြင်း၊ မပေးခြင်းထက် မိမိတို့မဲဆန္ဒနယ်က အမတ်လောင်းကိုကြိုက် ခြင်း၊ မကြိုက်ခြင်းက အဓိကပိုကျသည်ဟု ယူဆကြသည်။

 

ကောင်းမွန်သည့်နိုင်ငံရေးရေခံမြေခံ

 

အချုပ်အားဖြင့်ဆိုရလျှင် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသောနိုင်ငံများတွင် တိုင်းပြည်၏ အကောင်းအဆိုးသည် နိုင်ငံရေးသမားများ၏ လက်ထဲတွင် ရှိနေ၍ အရည်အချင်းပြည့်ဝသော နိုင်ငံရေးသမားများ၊ ဆင်ခြင်တုံတရားပြည့်ဝ၍ အမြော်အမြင်ကြီး မားသော တိုင်းပြုပြည်ပြု နိုင်ငံရေးသုခမိန်များ စဉ်ဆက်မပြတ်ပေါ်ထွန်းလာရေးအတွက် ကောင်းမွန်သည့် နိုင်ငံရေးရေခံမြေခံရှိဖို့ လိုသည်။ နိုင်ငံရေး ရေခံမြေခံကောင်းမွန်ရေးအတွက် နိုင်ငံရေးလောက အရည်အသွေးကို မြှင့်တင်တည်ဆောက်ကြရပေမည်။

 

ထို့အတူ မဲဆန္ဒရှင် ပြည်သူလူထုအနေဖြင့်လည်း တိုင်းရေးပြည်မှုများကို ပြည်သူ့ကိုယ်စားစီမံခန့်ခွဲဆောင်ရွက်ကြမည့် ပြည်သူ့ကိုယ်စားလှယ်များအား ရွေးကောက် တင်မြှောက်ရာတွင် ဆန္ဒာဂတိ၊ ဘယာ ဂတိ၊ ဒေါသာဂတိ၊ မောဟာဂတိဟူသည့် အဂတိ တရားကင်းကင်းဖြင့် လူတော်လူကောင်းများကို လူမှန်နေရာမှန် ရွေးချယ်တတ်ဖို့ လိုသည်။ ထိုသို့ ရွေးချယ်နိုင်ရေးအတွက် နိုင်ငံရေးအသိပညာဗဟု သုတကြွယ်ဝဖို့ လိုအပ်ပေသည်။ ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးနှင့် ဒီမိုကရေစီစနစ်ခိုင်မာရေးတို့ သည် ထိုနိုင်ငံ၏ ပညာတတ် လူ့စွမ်းအားအရင်းအမြစ်ပေါ်တွင် များစွာတည်မှီလျက်ရှိကြောင်း တင်ပြလိုက်ရပါသည်။ ။