နေပြည်တော် ၃ ဖေဖော်ဝါရီ
ဒီမိုကရေစီသည် ပြည်သူကိုအခြေခံသော စနစ်ဖြစ်သည်။ “ဒီမိုကရေစီအစ လွှတ်တော်က”၊ “လွှတ်တော်အစ ပြည်သူက”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မကြာခဏပြောကြားလေ့ရှိသည်။ ဒိမိုကရေစီသည် လည်းကောင်း၊ လွှတ်တော်သည်လည်းကောင်း ပြည်သူလူထုနှင့် ဆက်စပ်နေပြီး ပြည်သူလူထု ပါဝင် ပတ်သက်မှုသည် အဓိက ကျသည်။
မျက်မှောက်ကာလကို ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလဟုခေါ်ဆိုသည်။ ဒီမိုကရေစီကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှစတင်အကောင်အထည်ဖော်သည့် လွှတ်တော်များမှ အစပြုခဲ့သည်။ ယခုအခါ ပထမအကြိမ်လွှတ်တော်သက်တမ်း ငါးနှစ်နှင့် ဒုတိယအကြိမ်လွှတ်တော်သက်တမ်း သုံးနှစ်အပါအဝင် ဒီမိုကရေစီအသွင်ကူးပြောင်းမှုသက်တမ်း ရှစ်နှစ်ရှိပြီဖြစ်သည်။
ဒီမိုကရေစီသည် ပြည်သူကိုအခြေခံသောစနစ်ဖြစ်၍ ပြည်သူရွေးချယ်သော ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဒီမိုကရေစီနိုင်ငံကိုဖွဲ့စည်းတည်ဆောက်ရသဖြင့် ပြည်သူလူထု၏ထောက်ခံမှုကို ရယူရသည်။ ဒီမိုကရေစီ အစသည် လွှတ်တော်ဖြစ်၍ လွှတ်တော်သည် အချုပ်အခြာ အာဏာပိုင်သည့် ပြည်သူလူထုက ရွေးကောက် တင်မြှောက်ပြီး လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းလိုက်သည့် ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းကြီးဖြစ်သည်။ ထို့ကြောင့် လွှတ်တော်၏ အရှိန်အဝါမှာ ကြီးမားသလို လွှတ်တော်ကိုယ်စား လှယ်များ၏ အခန်းကဏ္ဍမှာ မြင့်မားသည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍနှင့်စပ်လျဉ်း၍ ဒုတိယအကြိမ် လွှတ်တော်များ၏ (၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က “လွှတ်တော်ကိုယ်စားလှယ်တိုင်းဟာ ကိုယ့်ရဲ့ ဂုဏ်သိက္ခာအတွက်တင်မဟုတ်၊ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာ အတွက်ပါ စဉ်းစားဖို့လိုပါတယ်”ဟု ပြောကြားခဲ့ပြီး “လွှတ်တော်ကိုယ်စား လှယ်များရဲ့ တာဝန်ဟာ အင်မတန်မှ ကြီးလေးပါတယ်။ တကယ့်ကို အများပြည်သူကနေ လေးစားတဲ့၊ ခင်မင်တဲ့၊ တန်ဖိုးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ကျွန်မတို့ရဲ့ အခုခေတ်တင်မဟုတ်ဘူး၊ နောင်ခေတ်မှာလာမယ့် ကိုယ်စားလှယ်အားလုံးအတွက် စံနမူနာဖြစ်သွားနိုင်ပါတယ်။ ဒီလိုစံနမူနာဖြစ်သွားပြီဆိုရင် ကျွန်မတို့ရဲ့ ဒီမိုကရေစီစနစ် အခြေခိုင်သွားအောင်လို့ လုပ်ပေးရာရောက်ပါတယ်” ဟု ပြောကြားခဲ့သည်။
ပြည်သူများအားအကြောင်းပြု၍ ဒီမိုကရေစီအကြောင်းကိုသင်ကြား ပေးရာကျောင်းတော်ကြီးသည် လွှတ်တော်ဖြစ်သည်။ လွှတ်တော်ကိုယ်စား လှယ်များသည် ပြည်သူများ၏ လိုလားချက်၊ မျှော်လင့်ချက်၊ စိုးရိမ်ချက်တို့ကို ထဲထဲဝင်ဝင် လေ့လာမှတ်သားပြီး စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေဘောင်အတွင်းမှ နိုင်ငံနှင့် ပြည်သူကို အကျိုးပြုသည့် ဥပဒေပြုရေး တာဝန်များအား ဆောင်ရွက်ရသည်။ ထိုသို့တာဝန်ထမ်းဆောင် ခြင်းသည် ဒီမိုကရေစီစနစ်ကို ပြုစုပျိုးထောင်သည့် အလုပ်တစ်ခုပင်ဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်နည်းကိုင်နည်း မှန်ကန်မှု၊ စေတနာကောင်းမွန်မှု၊ ဆင်ခြင်တုံ တရားကြီးမားမှုတို့သည် တစ်နိုင်ငံလုံး လွှမ်းခြုံပြန့်ပွားသွားမည်ဆိုပါလျှင် ပြည်သူများအားလုံးက ယုံကြည်လေး စားအားထားသည့် ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ဖြစ်ပေါ်လာမည်မှာ အမှန်ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များသည်လွှတ်တော်အတွင်း အချေအတင်ဆွေးနွေးနိုင်ရုံမျှဖြင့် မလုံလောက်ချေ။ တစ်နိုင်ငံလုံး၏ အကျိုးစီးပွားကို လွှမ်းခြုံရှုမြင်ပြီး သုံးသပ်ဆွေးနွေးတင်ပြ နိုင်မှသာလျှင် နိုင်ငံနှင့်ပြည်သူ အကျိုးကို ထိရောက်စွာအကျိုးပြုနိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအခြေခံအုတ်မြစ် ခိုင်ခိုင်မာမာ အမြစ်တွယ်နိုင်စေရေးအတွက် ပြည်သူများက ရွေးချယ်တင်မြှောက်ပေးထားသော လွှတ်တော်ကိုယ်စားလှယ်များက ဒီမိုကရေစီပျိုးခင်းများ ရှင်သန်ဖြစ်ထွန်းပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးကို စေတနာ၊ မေတ္တာ၊ ပညာ၊ သတ္တိနှင့် ပြုစုပျိုးထောင်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။
ကြေးမုံ