၁၈ စက်တင်ဘာ

ဒီမိုကရေစီလို့   ပြောလိုက်သည်နှင့်  လူလတ်ပိုင်းအရွယ်နှင့်  အထက်သို့ ရောက်နေပြီးဖြစ်သော မြန်မာနိုင်ငံသားတို့အဖို့ အာဏာရှင်စနစ်ခေတ် တစ်ခုလုံးကို ရုပ်ရှင်ဇာတ်ကားတစ်ခုကဲ့သို့    ပြန်လည်မြင်ယောင်ကာ စိတ်လှုပ်ရှားကြမည်ဟု ထင်ပါသည်။

အာဏာရှင်စနစ်ကို  ဖြတ်သန်းခဲ့ရဖူးသော  သို့မဟုတ်  အာဏာရှင် စနစ်ကို  တစ်စိတ်တစ်ပိုင်းဖြတ်သန်းခဲ့ရဖူးသော  သူတို့အဖို့  ဒီမိုကရေစီ ဟူသည် အမျှော်လင့်ကြီးမျှော်လင့်တောင့်တခဲ့ရသော အိပ်မက်တစ်ခု။

အလွန်တရာခက်ခဲကျပ်တည်းသော   ခေတ်ကြီးကို   သာမန်ပြည်သူ တစ်ယောက်အနေဖြင့်     ဖြတ်သန်းဖူးသူတို့အဖို့မူ    ဒီမိုကရေစီအပေါ် တန်ဖိုးထားမှုက အလွန်ကြီးမားနေမည်မှာ အမှန်ပင်ဖြစ်ပါသည်။
ဒီမိုကရေစီ၏တန်ဖိုးကို မြန်မာပြည်သူတို့ မည်သို့နားလည်ကြသည်နည်း။

ယေဘုယျသဘောပေါက်မှုအရဆိုပါမူ ပြည်သူလူထု အကျိုးအတွက်     ပြည်သူတို့ကိုယ်တိုင်ပါဝင်သော   ပြည်သူ့အာဏာ   ပိုင်စိုးမှုဟု   ဆိုရမည် ထင်ပါသည်။    နိုင်ငံတစ်ခု၏    အချုပ်အခြာအာဏာကို   ပြည်သူတို့က ပိုင်ဆိုင်သည်ဟုဆိုလျှင် ထိုအချုပ်အခြာအာဏာကို ကိုင်စွဲကာ တာဝန်ယူ ရမည့်သူမှာ ပြည်သူလူထုသာဖြစ်ပါသည်။ ဒါက ဒီမိုကရေစီ၏ အမြင့်မားဆုံး တန်ဖိုးပဲ ဖြစ်ပါသည်။ ထို့ကြောင့်  ပြည်သူတို့က ရွေးချယ်တာဝန်ပေးသည့် ပြည်သူ့ကိုယ်စားလှယ်တို့၏ အခန်းကဏ္ဍက တန်ဖိုးကြီးစွာ တည်ရှိနေခြင်း ဖြစ်၏။

ထိုနည်းတူစွာ  ပြည်သူလူထု၏  အခြေခံလူ့အခွင့်အရေး၊  ဒီမိုကရေစီ ရေးဟူသည် လူတို့၏ မွေးရာပါအခွင့်အရေးဟု သတ်မှတ်ထားသည့်အတိုင်း ထိုအခွင့်အရေးကို ရရှိကြဖို့က အရေးကြီးပါသည်။ ဤသည်ပင် ဒီမိုကရေစီ၏ အခြေခံအခွင့်အရေးဟု   ဆိုရပါမည်။  ထိုသို့သော လူ့အခြေခံအခွင့် အရေးအတိုင်း လူတို့ ခံစားရရှိနိုင်ရေးအတွက် ဥပဒေဖြင့် သတ်မှတ်ပေးထားရ၏။  ထိုဥပဒေတို့အတိုင်း  ခံစားနိုင်ခြင်းရှိမရှိက   ဒီမိုကရေစီအခွင့်အရေးကို နိုင်ငံသားတို့ မည်မျှလောက် တန်းတူညီမျှရရှိနေသည်လဲဆိုခြင်းကို အကဲဖြတ်နိုင်သည့် မှတ်ကျောက်ပဲ ဖြစ်ပါသည်။

ဒီမိုကရေစီအခွင့်အရေးတို့ကို ဥပဒေဖြင့် သတ်မှတ်ကာ ပြည်သူတို့ ရရှိခံစားစေသကဲ့သို့   ပြည်သူတို့   လိုက်နာကျင့်သုံးတာဝန်ယူရမည်တို့လည်း ရှိပါသည်။ တစ်နည်းဆိုရသော်  ပြည်သူလူထု၏ အခြေခံဒီမိုကရေစီ အခွင့်အရေးများကို    ပြည်သူတို့အနေဖြင့်  လုပ်ပိုင်ခွင့်၊  ရပိုင်ခွင့်ရှိသလို အဆိုပါ ဥပဒေစည်းကမ်းများကို လိုက်နာကျင့်ကြံကြရန်လည်း ပြည်သူ လူထုမှာ တာဝန်ရှိသည်ပင်။

ဒီမိုကရေစီဆိုသည်က   စနစ်နှင့်   အလေ့အကျင့်အပေါ်မူတည်ပါ၏။ အုပ်ချုပ်ရေးအာဏာပိုင်စိုးရေးသာမက၊  နိုင်ငံရေးသာမက၊  စီးပွားရေး လူမှုဆက်ဆံရေး အတွေးအခေါ်စသည့်နယ်ပယ်အားလုံးနှင့် ဆက်စပ်နေ၏။ ထိုနယ်ပယ်အားလုံးတွင် နိုင်ငံသားအားလုံး တန်းတူညီမျှစွာ အခွင့်အရေး ရရှိရေးနှင့် အားလုံးကိုယ်စီတာဝန်ယူကြရေးတို့ ယှဉ်တွဲနေ၏။

နိုင်ငံသားတိုင်း     မိမိတို့၏အခွင့်အရေး   ရပိုင်ခွင့်တို့ကို    နားလည် သဘောပေါက်ကြရန်  လိုအပ်သကဲ့သို့  အခြားသူတို့၏   အခွင့်အရေးနှင့် ရပိုင်ခွင့်တို့ကိုလည်း နားလည်သဘောပေါက်ကြရန် လိုအပ်သည်ပဲဖြစ်၏။ ထို့အတူ မိမိတို့၏ မိသားစုအခွင့်အရေးနှင့် ရပိုင်ခွင့်၊ မိမိတို့ရပ်ရွာ၊ မြို့နယ်၊ တိုင်း၊ နိုင်ငံနှင့် နိုင်ငံသားတို့၏ အခွင့်အရေးနှင့် ရပိုင်ခွင့်တို့ကို နားလည်သဘောပေါက်ကြရန်   လိုအပ်သကဲ့သို့    အခြားသော   မိသားစု၊   မြို့နယ်၊ တိုင်း၊ နိုင်ငံတို့က နိုင်ငံသားတို့၏ အခွင့်အရေးနှင့် ရပိုင်ခွင့်တို့ကို နားလည်သဘောပေါက်ကြရန်လည်း လိုသည်သာဖြစ်ပေသည်။

ဤကဲ့သို့သောအားဖြင့် ကျယ်ပြန့်သော နိုင်ငံတကာအမြင်၊ နိုင်ငံတကာနှင့် အတူယှဉ်တွဲနေထိုင်နိုင်သည့် မှန်ကန်သော သဘောထားတို့ဖြင့်သာ  ကမ္ဘာနှင့်အတူလက်တွဲနိုင်သော  ရင့်ကျက်သည့်  ဒီမိုကရေစီ နိုင်ငံသားတို့ ဖြစ်လာပါမည်။

ဒီမိုကရေစီစနစ်ဆိုသည်မှာ လူတစ်ဦးချင်းအပေါ်အခြေခံသည် ဖြစ်သော်လည်း   နိုင်ငံတကာက   လူအများနှင့်   ငြိမ်းချမ်းစွာ  ယှဉ်တွဲတိုးတက်လိုသည့်  စိတ်ဓာတ်ရင့်သန်မှုဖြင့်သာ  ရှင်သန်တိုးတက်နိုင်မည် ဖြစ်ပါသည်။ လူ့အခွင့်အရေး၊   ဒီမိုကရေစီအခွင့်အရေးတို့သည်   မိမိတစ်ဦးချင်း၏  အခွင့်အရေးနှင့်  ရပိုင်ခွင့်က  စတင်သည်ဖြစ်သော်လည်း အခြားသူတို့၏ အခွင့်အရေးနှင့်   ရပိုင်ခွင့်ကို    လေးစားတတ်သည့် ယဉ်ကျေးမှုက အခရာဖြစ်သည်ဟု ယုံကြည်ပါကြောင်း။
   
မြန်မာ့အလင်း