အပြုသဘောဆောင်သည့် အတွေးအယူ၊ အပြုသဘောဆောင်သည့်အပြောအဆို၊ အပြုသဘောဆောင်သည့် အပြုအမူအလုပ်အကိုင်ဟူသည့် စကားမှာ ဒီမိုကရေစီစနစ် နိုင်ငံရေးတွင် အလွန်လေးနက်သည့်အနှစ်သာရ ပါဝင်နေသည်။


ဒီမိုကရေစီနိုင်ငံရေးဟု စကားအသုံးအနှုန်းအရသာ ဆိုရသော်လည်းနိုင်ငံရေးဆိုသည်မှာ အာဏာရှင်စနစ်အောက်တွင် ခေါင်းဖော်ခွင့် ရရိုးမရှိပါ။ နိုင်ငံရေးဆိုသည်မှာ ပြည်သူလူထုက ပြည်သူ့အတွက် တာဝန်ယူအလုပ်လုပ်မည့် နိုင်ငံရေးသမားများကို ရွေးချယ်တာဝန်ပေးနိုင်ရေးကိုဖန်တီးပေးသည့် အခြေခံအဆောက်အအုံနှင့် အစီအမံများပေါ်တွင် တည်မီနေပါသည်။ ထို့ကြောင့် ပြည်သူလူထု၏ သဘောဆန္ဒကို အခြေခံရသည့်အတွက် ဒီမိုကရေစီရှင်သန်မှုရှိမှသာ နိုင်ငံရေးအခင်းအကျင်း ကျယ်ပြန့် လင်းချင်းသည့်သဘောရှိမည်သာ။


ဒီမိုကရေစီစနစ်တွင်းက နိုင်ငံရေးတွင် ပြည်သူလူထုအများစုကရွေးချယ်တာဝန်ပေးသည့် ပြည်သူ့ကိုယ်စားလှယ်များနှင့် ထိုကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော လွှတ်တော်များ၏ အခန်းကဏ္ဍက အရေးအကြီးဆုံး အထင်ကရအဖြစ်ဆုံး တာဝန်လည်းအကြီးဆုံးဟု ဆိုရပါမည်။လွှတ်တော်များကပဲ နိုင်ငံတော်သမ္မတနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်ကို အဓိကဖွဲ့စည်းပေးသည် မဟုတ်ပါလား။


ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်တို့၏ အခန်းကဏ္ဍနှင့် တာဝန်များမှာ နိုင်ငံတွင်းနေ ပြည်သူလူထုအားလုံးအတွက် အရေးအပါဆုံး၊ထိပ်တန်းအကျဆုံးနေရာ၌ ရှိသည်ဟု ဆိုရပါမည်။ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ် တာဝန်ယူရမည့်သူတို့သည်ပြည်သူလူထုကို ကိုယ်စားပြုရမည့်အားလျော်စွာ အပြုသဘောဆောင်သည့်အတွေးအယူ၊ အပြောအဆို၊ အပြုအမူ အလုပ်အကိုင်တို့ကို ဂရုထား ဆောင်ရွက်ကြသည့် လူကြီးလူကောင်းများဖြစ်ကြရန် လိုပါသည်။


သည်တာဝန်များကို ယူနိုင်ရန်အတွက် နိုင်ငံရေးသမားတို့သည်မိမိ၏ ကိုယ်ကျိုးကို ဦးစားမပေးဘဲ အများပြည်သူ၏ အကျိုးစီးပွားဦးထိပ်ထားသူများ ဖြစ်ရန်လိုသလို ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်း စောင့်ရှောက်သူများလည်း ဖြစ်ရန်လိုပါသည်။


ထို့ပြင် ပြည်သူလူထု၏ သဘောဆန္ဒက ဘာ၊ လိုအပ်ချက်က ဘာ၊ဖြစ်နိုင်သည်က ဘာ ဆိုသည်တို့ကို ကျေညက်နားလည်ပြီး ထိုသဘောဆန္ဒလိုအပ်ချက်တို့ကို မည်သို့မည်ပုံ ဖြေရှင်းဆောင်ရွက်ပေးနိုင်မည်ဆိုသည့် အရည်အချင်းမရှိဘဲ ပြည်သူ့ကိုယ်စားလှယ်ကောင်းတစ်ယောက် မဖြစ်နိုင်ပါ။


ထို့အတူ အရည်အချင်းမည်မျှပင် ရှိစေကာမူ ပြည်သူလူထု၏ယုံကြည်မှုနှင့် တာဝန်ပေးအပ်ခံရသူလည်း ဖြစ်ရန်လိုပါသည်။ ပြည်သူကမထောက်ခံဘဲ မရွေးချယ်ဘဲ ပြည်သူ့ကိုယ်စားလှယ်ကောင်း တစ်ယောက်မဖြစ်နိုင်။


သည်လို အခြေခံအရည်အသွေးများဖြင့်ပြည့်စုံသော ပြည်သူ့ကိုယ်စားလှယ်များဆိုသည်မှာ တိုင်းပြည်အရေး၊ ပြည်သူလူထုအရေးကိုသာ ဦးထိပ်ပန်ဆင်ရင်း နိုင်ငံအတွက် အပြုသဘောဆောင်သည့်အယူအတွေး အပြောအဆို အပြုအမူတို့ အမှန်တကယ်ပင် လိုအပ်ပါသည်။


လွှတ်တော်များတွင် ထိုင်နေကြသော လွှတ်တော်ကိုယ်စားလှယ်များသည် မိမိကိုရွေးချယ်တင်မြှောက်လိုက်သည့် မဲဆန္ဒနယ်များ၏အကျိုးသာမက နိုင်ငံတစ်ဝန်းလုံး၏ အကျိုးနှင့်ယှဉ်ကာ လွှမ်းခြုံကြည့်မြင်နိုင်သည့် မြော်မြင်ဉာဏ်ကြီးသူများ ဖြစ်ရန်လိုပါသည်။လွှတ်တော်ကိုယ်စားလှယ်များ နိုင်ငံရေးသမားများဟူသည် မိမိအယူအတွေးသာ မှန်ကန်သည်ဟု မျက်စိပိတ်ထားရန်မဟုတ်ဘဲ မိမိနှင့် သဘောထားချင်းမတူသည့် အယူအဆများကိုလည်း နားလည်အောင်ကြိုးစားကာ တိုင်းပြည်နှင့် ပြည်သူလူထုအကျိုးစီးပွားအပေါ် အခြေခံ၍ဆုံးဖြတ်လုပ်ဆောင်နိုင်ကြရန် ကြိုးစားကြဖို့လိုမည်ဟု ယုံကြည်သည့်အတိုင်း အစီရင်ခံတင်ပြအပ်ပါကြောင်း။ ။


မြန်မာ့အလင်း