ဒီမိုကရေစီနှင့် နိုင်ငံရေးပါတီများ

၂၈  မေ

 

ဒီမိုကရေစီအပြောင်းအလဲတွင် အရေးကြီးသော မှတ်ကျောက်တစ်ခုမှာ ပြည်သူလူထုထောက်ခံအားပေးသည့် နိုင်ငံရေးပါတီတို့ အင်အားကြီးကြီးဖြင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။ တစ်ပါတီ အာဏာရှင်စနစ်အောက်မှာ ပါတီစုံ ဟူ၍မရှိ။

 

အာဏာရှင်စနစ်က လွှမ်းမိုးထားသရွေ့ နိုင်ငံရေး ပါတီဆိုလျှင် အာဏာရှင်တို့၏ ပါတီသာရှိနိုင်ပြီး ပြည်သူနှင့်နီးစပ်သော ပြည်သူကထောက်ခံအားပေးသော နိုင်ငံရေးပါတီ မပေါ်ပေါက်နိုင်။အာဏာရှင်စနစ်က ပြည်သူလူထုကို စီးပိုးအုပ်ချုပ်ရန်ကိုသာ အားပြုလိုသည်၊ အာဏာကို မည်သို့မျှ ခွဲဝေပေးငှလိုစိတ် မရှိသည်ဖြစ်ရာ ပြည်သူ့အင်အား သို့မဟုတ် ပြည်သူက ထောက်ခံသည့် နိုင်ငံရေးပါတီများ ဖွဲ့စည်းခြင်းကို အားပေးလေ့မရှိ။ နိုင်ငံရေးပါတီများ တည်ထောင်ဖွဲ့စည်းခွင့် ဆိုသည်ကိုမပေး၊ သို့မဟုတ် ဖွဲ့စည်းတည်ထောင်နိုင်ရန်အတွက် အကန့်အသတ်များစွာ စည်းမျဉ်းစည်းကမ်းများစွာဖြင့် ထိန်းကွပ်ထားလေ့ရှိ၏။

 

ထို့ကြောင့် အာဏာရှင်တို့က နိုင်ငံရေးတွင် ပါတီနိုင်ငံရေးဟူသည် တန်ဖိုးမရှိ၊ အမျိုးသားနိုင်ငံရေးက မြင့်မြတ်သည်ဟူသည့် သဘောထားကို ဖော်ညွှန်းလေ့ရှိ၏။

 

သို့သော်လည်း နိုင်ငံအတွင်းဒီမိုကရေစီအလေ့အထ ပွင့်လင်းလာသည့်အခါ ပြည်သှူသဘောထားတို့က အားကောင်းလာကာ ပြည်သူလူထုထောက်ခံသည့် နိုင်ငံရေးအင်အားစုများက နိုင်ငံရေးပါတီအဖြစ် ဖွဲ့စည်း ပေါ်ပေါက်လာတော့၏။သည်လိုနှင့် ဒီမိုကရေစီ တောင့်တင်းခိုင်မာလာသည် နှင့်အမျှ ပြည်သူလူထု အားပေးထောက်ခံသော နိုင်ငံရေးပါတီတို့ အင်အား ကောင်းလာလေသည်။

 

ဒီမိုကရေစီစနစ်တွင် ပြည်သူလူထု၏ သဘောဆန္ဒကသာ အခရာဟူသည့် ဒီမိုကရေစီ၏ အနှစ်သာရကြောင့် ပြည်သူတို့၏ အားပေးထောက်ခံခြင်းကို မည်သူကမျှ တားဆီးလို့မရ။ ပြည်သူလူထု လိုလားသည်ကို မည်သူကမျှ ဆန့်ကျင်လို့မရ။

 

အခြားတစ်ဖက်တွင် နိုင်ငံရေးပါတီတို့ အားကောင်းမောင်းသန် ဖြစ်ရေးက ပြည်သူလူထု၏ သဘောဆန္ဒနှင့် အညီဖြစ်ဖို့က အဓိကလိုအပ်ချက်ဖြစ်ပါသည်။ အထူးသဖြင့် မြန်မာပြည်သူလူထုသည် နိုင်ငံရေးရင့်ကျက်မှုများကြားမှာ ရှင်သန်ရတာဖြစ်သည့်အတွက် မြန်မာပြည်သူတို့ကို ညာလို့မရ။ ပြည်သှူသဘောဆန္ဒယောင်ယောင် ဟန်ဆောင်ပြုမူ၍မရ။ မမှန်ကန်သောနည်းတို့ဖြင့် ဖြားယောင်း သိမ်းသွင်း၍မရ။

 

နိုင်ငံရေးနှင့် ပတ်သက်လျှင်၊ နိုင်ငံရေးသမားနှင့် ပတ်သက်လျှင် ပြည်သူလူထုက နိုင်ငံရေးသမားတို့၏ အတွင်းစိတ်နှင့် မူဝါဒတို့၏ အနှစ်သာရကို ထိုးထွင်းသိမြင်သည်ဟု ဆိုနိုင်လောက်အောင် ပါးနပ်ကြ၏။ ထို့ကြောင့် ပြည်သူထောက်ခံသည့် နိုင်ငံရေးပါတီတွင်းမှာပင် ရေရှည် ပြည်သူထောက်ခံမှုရရှိရေးအတွက် မျိုးဆက်သစ် နိုင်ငံရေးခေါင်းဆောင် အများအပြားကို ပြုစုဖော်ထုတ်ကြရန် အရေးကြီးသည်ဟု မြင်ပါသည်။

 

ရင့်ကျက်သော၊ ပြည်သှူသဘောကို အလေးအနက်ထားသော၊ မိမိကိုယ်ကျိုးကို နောက်တန်းမှာထားသော မျိုးဆက်သစ်နိုင်ငံရေးသမားများ ပေါ်ထွန်းရေးကို နိုင်ငံရေးပါတီတို့က ကြိုးပမ်းရပါသည်။ မိမိကိုယ်ကျိုး ဆိုရာတွင် ငွေကြေး ဓနဥစ္စာတို့သာမက မိမိ၏ အမျိုးမျိုးသော ကိုယ်ရေး ကိုယ်တာ အကျိုးစီးပွားတို့ကို နောက်တန်းထားသည့် နိုင်ငံရေးသမားများ၊ အမြော်အမြင်ကြီး၍ ဇွဲလုံ့လရှိရှိ အမှန်တရားအတွက် ရဲရဲဆုံးဖြတ် ဆောင်ရွက်ရန် သတ္တိရှိသည့် နိုင်ငံရေးသမားတို့ကို ပျိုးထောင်နိုင်ရေးက ပြည်သူအားထားရသော နိုင်ငံရေးပါတီဖြစ်ရေးတွင် လွန်စွာအရေးပါသော လိုအပ်ချက်တစ်ခု ဖြစ်ပါသည်။

 

ပြည်သူလူထု ထောက်ခံအားပေးသော နိုင်ငံရေးပါတီနှင့် နိုင်ငံရေး ခေါင်းဆောင်တို့က ဦးဆောင်မှသာလျှင် နိုင်ငံအကျိုးစီးပွား၊ ပြည်သူလူထု အကျိုးစီးပွားကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဟု ယုံကြည် ပါကြောင်း။ ။

 

မြန်မာ့အလင်း