ဒီမိုကရေစီနှင့် ရွေးကောက်ပွဲတို့၏ အနှစ်သာရ

နိုဝင်ဘာ ၈

မြန်မာနိုင်ငံ၌ ကြားဖြတ်ရွေးကောက်ပွဲတစ်ခု ပြီးဆုံးသွားခဲ့ပြီ။

 

ရွေးကောက်ပွဲတို့၏ သဘာဝအတိုင်း အနိုင်ရသူ၊ ရှုံးနိမ့်သူ ဟူ၍ ရှိနေမည် ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲဟူသည်က အရေးပါသော လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါသည်။ ကြားဖြတ်ရွေးကောက်ပွဲသည် အကြောင်း အမျိုးမျိုးကြောင့် လစ်လပ်သွားသော လွှတ်တော်များအတွင်းရှိ ပြည်သူ့ကိုယ်စားလှယ်နေရာများကို ပြန်လည် ဖြည့်တင်းရွေးချယ် တာဝန်ပေးရန်အတွက် ပြုလုပ်ရခြင်း ဖြစ်ပါသည်။

 

ရွေးကောက်ပွဲတို့၏ ထုံးစံအတိုင်း နိုင်ငံရေးပါတီများအကြား မျှော်လင့်ထားသည့်အတိုင်း အနိုင်ရသည့် မဲဆန္ဒနယ်မြေများရှိမည် ဖြစ်သလို မျှော်လင့်ထားသလို မဖြစ်ဘဲ ရှုံးနိမ့်ခဲ့ရသည့် မဲဆန္ဒနယ်မြေများလည်း ရှိနေမည်ပဲ ဖြစ်ပါသည်။

 

ထို့ပြင် နိုင်ငံရေးနယ်ပယ်တို့၏ ဖြစ်လေ့ရှိသည့်အတိုင်း ပြည်သူလူထု၏ နိုင်ငံရေးပါတီနှင့် လူပုဂ္ဂိုလ်များအပေါ် ထားရှိသော သဘောထား အပြောင်းအလဲတို့သည်လည်း ရှိနေမည်ပဲ ဖြစ်ပါသည်။

 

ဤသည်ပင် ဒီမိုကရေစီစနစ် ရွေးကောက်ပွဲတို့၏ အနှစ်သာရပင် ဖြစ်ပါသည်။ ပြည်သူတို့၏ သဘောဆန္ဒ ဆိုသည်က နိုင်ငံရေးပါတီတို့၏ မူဝါဒလုပ်ငန်းစဉ်နှင့် ထိုမူဝါဒ လုပ်ငန်းစဉ်တို့နှင့်အတူ အကောင်အထည် ဖော်နိုင်သည့် ကိုယ်စားလှယ်လောင်း၏ အရည်အသွေး စည်းရုံးရေး စွမ်းရည်တို့ပေါ်မှာ မူတည်၍ ပြောင်းလဲ နေနိုင်သည်။ မည်သည့်ပါတီ မည်သူဆိုသည်ကို တစ်သမတ်တည်း ဖြစ်ချင်မှ ဖြစ်မည်။ 

 

ထို့ကြောင့် နိုင်ငံရေးခေါင်းဆောင်တို့သည် ပြည်သူလူထု၏ သဘောဆန္ဒကို အစဉ်နားလည်ပြီး စည်းရုံးရေး ဖြန့်ကြက်နိုင်မှုကလည်း လိုအပ်မည်ပဲ ဖြစ်ပါသည်။

 

ယနေ့ပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲဆိုသည်က အစိုးရ အာဏာအပြောင်းအလဲ ဖြစ်နိုင်လောက်သည်ထိ မဖြစ်နိုင်သော်လည်း နိုင်ငံရေးပါတီများအနေဖြင့် မိမိ၏အနေအထားကို မိမိဘာသာ ပြန်လည် သုံးသပ်နိုင်မည့် ပွဲဖြစ်သည်ဟု ဆိုချင်ပါသည်။

 

ထို့ပြင် ပြည်သူလူထု၏ ရွေးကောက်ပွဲများအပေါ် ထားရှိသည့် စိတ်ဝင်စားမှုနှင့် စိတ်အားထက်သန်မှု အပြောင်းအလဲတို့ကိုလည်း သတိပြု စိစစ်နိုင်မည်ဟု ထင်ပါသည်။

 

မည်သို့ဆိုစေ ရွေးကောက်ပွဲဟူသည် နိုင်ငံရေးပါတီတို့၏ အနိုင်အရှုံး အားပြိုင်မှုထက် နိုင်ငံနှင့် ပြည်သူလူထု အကျိုးစီးပွား မည်သို့မည်ပုံ တိုးတက်မြင့်မား လာမည်လဲဆိုသည်ကို အခြေခံရသည့် အားလျော်စွာ လူထုပါဝင် ဆင်နွှဲလိုမှုကို အားပေးစည်းရုံး မြှင့်တင်ပေးရမည်ဟု ယူဆပါသည်။

 

အချုပ်ဆိုရလျှင် နိုင်ငံနှင့် ပြည်သူလူထု အကျိုးစီးပွား သဘောဆန္ဒတို့ကို ရှေ့တန်းတင် ဦးထိပ်ထားခြင်းသည် ဒီမိုကရေစီ ရွေးကောက်ပွဲများ၏ အနှစ်သာရဖြစ်သည်ဟု ယုံကြည်ပါကြောင်း တင်ပြအပ်ပါသည်။     ။