နေပြည်တော် ၆ ဖေဖော်ဝါရီ
မန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစုံဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတစ်ခု ဖြစ်ပါသည်။ တိုင်းရင်းသားလူမျိုးစုံသလို တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု အဖုံဖုံကလည်း စည်ဝေလျက်ရှိပါသည်။
အာဏာရှင်စနစ်လက်အောက် ဒီမိုကရေစီအမှောင်ကျစဉ်ကာလမှာ ပြည်မပြည်နယ် တောင်အောက် တောင်ပေါ်ဒေသအားလုံး မဖွံ့ဖြိုး မတိုးတက်သည့်ဒဏ်၊ ဆင်းရဲမှုဒဏ် စသည်တို့ကို အတူတကွ ပူအမျှခံစား ခဲ့ကြရပါသည်။ ပြည်တွင်းစစ်မီးကိုလည်း ကျောချင်းကပ်ကာ ရင်စည်းခံ ခဲ့ကြရပါသည်။ အထူးသဖြင့် နယ်စွန်နယ်ဖျားဒေသ တိုင်းရင်းသားလူမျိုးစု များက အားလုံးထက်ပို၍ ဒုက္ခခံစားခဲ့ကြရပါသည်။
စနစ်ဟောင်းကို တွန်းလှန်ကာ စနစ်သစ်ကို ပြောင်းကြတော့မည် ဆိုတော့လည်း လက်ချင်းဆက်ကာ ညီညွတ်စွာဖြင့် ဒီမိုကရေစီတိုက်ပွဲကို အတူဆင်နွှဲခဲ့ကြခြင်းဖြင့် အောင်မြင်မှု၏ အသီးအပွင့်အဖြစ် ယနေ့ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
ဒီမိုကရေစီလမ်းကြောင်းပေါ်မှ ဘေးသို့လမ်းချော်မသွားရေး၊ ဒီမိုကရေစီ ခိုင်မာအားကောင်းရေးတို့အတွက် ဆက်လက်အတူတကွ ရပ်တည်သွားကြရန် လိုအပ်ကြောင်းကိုလည်း ခံစားနားလည်ကြပြီး ဖြစ်သည်ဟု ယုံကြည်ပါသည်။ ထို့အတွက် ရောက်ရှိနေသည့် ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်ရင်း တိုင်းရင်းသားအားလုံး တန်းတူညီမျှရေး၊ နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေး၊ နှစ်ရှည်ကြာလက်နက်ကိုင် ပဋိပက္ခများ ရပ်ဆိုင်းနိုင်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအခွင့်အရေး အပြည့်အဝရရှိရေးတို့ကို ဆက်လက်ကြိုးပမ်းအားထုတ်ကြရမည့် အချိန် ဖြစ်ပါသည်။
ဒီမိုကရေစီအခွင့်အရေးဟုဆိုရာ၌ အရွယ်ရောက်သူတိုင်း မဲပေး၍ လွှတ်တော်များဖွဲ့စည်းကာ အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်ကာမျှနှင့် ဒီမိုကရေစီ ပြည့်ဝပြီဟု မဆိုနိုင်သေး။ အချုပ်အခြာအာဏာသည် ပြည်သူတို့လက်ထဲ တွင် သေသေချာချာ ရောက်ရှိဖို့လိုအပ်သလို ရွေးကောက်တင်မြှောက်ထားသည့် လွှတ်တော်များနှင့် အစိုးရတို့ကို ပြည်သူတို့က ပြန်လည်ချုပ်ကိုင်ထားနိုင်သည့် ပဋိညာဉ်ခိုင်မာဖို့ကလည်း လိုအပ်လှပါသည်။
တစ်နည်းအားဖြင့်ဆိုရလျှင် အချုပ်အခြာအာဏာကို ပြည်သူလူထု တစ်ရပ်လုံးက ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် အခွင့်အရေး အပြည့်အဝ ရှိကြောင်း အာမခံခိုင်ခိုင်မာမာရှိရန် လိုအပ်မည်ဖြစ်ပါ၏။
ထို့ကြောင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်ကြရန် လိုအပ်သည်ဟု ပြည်သူတို့က ယုံကြည်ကြခြင်းဖြစ်ပါသည်။
ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ထူထောင်ကြရာ၌လည်း ပြည်ထောင်စုဖွား ညီအစ်ကိုမောင်နှမများ၏ စုစည်းညီညွတ်မှုမပါဘဲ မဖြစ်နိုင်ပါ။
စည်းလုံးညီညွတ်မှုဟူသည်မှာ ပြည်ထောင်စုသားတိုင်းရင်းသားများ အချင်းချင်း တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုရှိအောင် ရင်းနှီးချစ်ကြည်စွာ ဆက်ဆံခြင်းဖြင့်သာ ရနိုင်ပါသည်။ တစ်ဦးနှင့်တစ်ဦး နိုင်လိုမင်းထက် လုပ်ခြင်း၊ အကျပ်ကိုင်ခြင်း၊ အနိုင်ကျင့်ခြင်း၊ ဖိအားပေးခြင်းတို့ဖြင့် ညီညွတ်သော ပြည်ထောင်စုစိတ်ဓာတ်ကို ဖော်ဆောင်၍ ရနိုင်မည် မဟုတ်ပါ။ အားလုံးသဘောတူညီနိုင်ကြဖို့ စိတ်ရှည်ခြင်း၊ စာနာခြင်း၊ နိုင်ငံအပေါ် အမှန်တကယ် စေတနာထားခြင်းတို့ဖြင့်သာ အောင်မြင်နိုင်မည် ဖြစ်ပါသည်။
တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည့် ပြည်ထောင်စုသားတို့၏ အခွင့်အရေး များကို အာမခံနိုင်သည့် ခိုင်မာသော ပဋိညာဉ်တစ်ခုကို ပြည်သူလူထု၏ စည်းလုံးညီညွတ်သော အင်အားဖြင့်သာ ရေးဆွဲရယူနိုင်ပါမည်ဟု ယုံကြည်ပါကြောင်း။
မြန်မာ့အလင်း