၃ ဇွန်

 


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်  ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ငန်းစဉ်အဖြစ် တစိုက်မတ်မတ် အကောင်အထည်ဖော်နေသည်မှာ တိုင်းရင်းသားပြည်သူအားလုံး မျှော်လင့်တောင့်တသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာပြီး ပြည်ထောင်စု၏အသီးအပွင့်များကို  တန်းတူညီမျှအခွင့်အရေးရရှိနိုင်ရေးဖြစ်သည်။

 

ယနေ့ပြည်ထောင်စုတွင် မငြိမ်းချမ်းသော၊ မသင့်မြတ်သော အခြေအနေများဖြစ်ပွားနေခြင်းသည် တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အခွင့်အရေး စသည်တို့ကို အကြောင်းပြု၍ဖြစ်ပေါ်နေခြင်းဖြစ်ရာ ဦးစွာအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်  ပါဝင်ဆွေးနွေးအဖြေရှာခြင်းဖြင့်မိမိတို့၏ လိုလားချက်များကို တစ်ဆင့်ချင်း ရယူနိုင်ပေသည်။

 

မိမိတို့မျှော်မှန်းချက်များသို့ တက်လှမ်းနိုင်ရေးအတွက် တိုင်းပြည်ငြိမ်းချမ်းရေးတွင်  မဖြစ်မနေပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပေသည်။ တိုင်းပြည်ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အဓိကကျသော အဖွဲ့အစည်းများမှာ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးဖြစ်ပြီး  ထိုအဖွဲ့အစည်းများအနေဖြင့် ကနဦးလိုအပ်ချက်မှာ အပစ်အခတ်ရပ်စဲရေးပင်ဖြစ်သည်။      အပစ်အခတ်ရပ်စဲရေးကို  ဦးစွာဆောင်ရွက်နိုင်မှသာ   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ  အဆင့်ဆင့်တက်လှမ်းပြီး မိမိတို့မျှော်မှန်း သည့်ပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။

 

မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းစဉ်ကာလမှ လွတ်လပ်ရေးရပြီးစ ကာလအတွင်း  နိုင်ငံရေးအယူအဆ သဘောထားကွဲလွဲမှုများကြောင့် ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်းကာလအထိ လက်နက်ကိုင်အဖွဲ့များပေါ်ပေါက်ခဲ့ပြီး အဖွဲ့အားလုံးနီးပါးနှင့်  အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုများ ရရှိခဲ့သည်။ ယနေ့လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ ဖွဲ့နှင့် NCA စာချုပ်တွင် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ကျန်ရှိသောအဖွဲ့များ ပါဝင်လာရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

 

ငြိမ်းချမ်းရေးခရီးကို တက်လှမ်းရာတွင NCA တွင် လက်မှတ်မထိုး ရသေးသောအဖွဲ့များ ပါဝင်လာရန် အရေးကြီးသည်။ သဘောတူညီထားသည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးခိုင်မာအောင် ထိန်းသိမ်းရန် ပစ်ခတ်တိုက်ခိုက်မှုများမရှိအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁) ရာစုပင်လုံ နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်အကောင်အထည်ဖော်ရန်ဖြစ်သည်။ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပြည်ထောင်စုသဘောတူစာချုပ်၏ အဓိကအချက်ဖြစ်သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်မူများနှင့်ပတ်သက်၍ သဘောတူညီချက်များ ရရှိစေရန်ဖြစ်သည်။ NCA ကို အကောင်အထည်ဖော်နိုင်ခြင်းဖြင့်  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဧရိယာများအတွင်းရှိ တိုင်းရင်းသားပြည်သူများ ငြိမ်းချမ်းရေး၏အသီးအပွင့်များကို လက်ငင်းခံစားနိုင်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် ဒီမိုကရေစီကူးပြောင်းရေးနှင့် ဖက်ဒရယ်တည်ဆောက်ရေးကို  ပြည်ထောင်စုသဘောတူစာချုပ်နှင့်အညီ  အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။

 

လက်ရှိကာလတွင် NCA လက်မှတ်ရေးထိုးပြီး အဖွဲ့များ၊ လက်မှတ်မထိုးရသေးသည့်အဖွဲ့များနှင့်  အကြိမ်ပေါင်းများစွာ အလွတ်သဘော၊ တရားဝင်ဆွေးနွေးပွဲများ  ပြုလုပ်နိုင်ခဲ့သည်။ ယခုလတွင် NCA တွင်ပါဝင်သည့် ယန္တရားများ ပြန်လည်အသက်ဝင်အောင် ဆောင်ရွက်လျက်ရှိသည်။

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် လက်ငင်းအခြေအနေအမျိုးမျိုးကြောင့်  အောင်မြင်မှုများလည်းရှိသလို ရပ်တန့်နေမှုများလည်းရှိသည်။ မည်သို့ပင်ရှိသည်ဖြစ်စေ၊   ပြည်ထောင်စုကြီးတစ်ခုလုံး ငြိမ်းချမ်းရေးကိုမျှော်မှန်း၍ မတူကွဲပြားမှုများ၊ သဘောကွဲလွဲမှုများကြားမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်ပါဝင်ကာ      အကြိမ်ကြိမ်အထပ်ထပ်ဆွေးနွေးညှိနှိုင်းခြင်းဖြင့်  အဖြေရှာကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ပြည်ထောင်စုကြီးတစ်ခုလုံး၊  ပြည်ထောင်စုသားအားလုံး တို့၏      အန္တိမမျှော်မှန်းချက်မှာ      ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးဖြစ်ပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်မှသာ  တိုင်းရင်းသားပြည်သူများ  လိုလားချက်ရရှိနိုင်မည်ဖြစ်၍     ဦးစွာလိုအပ်သည့်   NCA  တွင် ပါဝင်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသို့ အဆင့်ဆင့်တက်လှမ်းကြပါရန် အလေးအနက်တိုက်တွန်းအပ်ပါသည်။ ။

 

ကြေးမုံ