မောင်ကမ္ဘာ

 

ဒီမိုကရေစီရွေးကောက်ပွဲများရဲ့  သဘောသဘာဝနဲ့  အနှစ်သာရဆိုလို့ ကြီးကျယ်ရန်ကောလို့ မထင်လိုက်ကြပါနဲ့။    တကယ်တော့ ဒီမိုကရေစီ ရွေးကောက်ပွဲများရဲ့ သဘောသဘာဝက ရိုးရှင်းပါတယ်။ မြန်မာစာပေ ကျမ်းဂန်တွေအရဆို ကမ္ဘာဦး လူသားတွေခေတ်ကတည်းက မဟာသမ္မတမင်းကို လူအများက ရွေးကောက် တင်မြှောက်ခဲ့ကြတာ ဖြစ်ပါတယ်။

 

ဘာကြောင့် တင်မြှောက်ခဲ့ကြသလဲဆိုတော့ လောဘအားကြီးတဲ့ လူပျင်းတစ်ယောက်ဟာ ပိုင်ရှင်သတ်သတ်မှတ်မှတ် စိုက်ပျိုးထားတဲ့အခင်းက သလေးစပါးတွေကို ဥစ္စာရှင်တို့အား အသိမပေးဘဲ ခိုးယူရာမှ ဥစ္စာရှင်တို့က တွေ့မြင်တဲ့အခါ တစ်ကြိမ်၊ နှစ်ကြိမ် ကြိမ်းမောင်းတားမြစ်ပြန်လွှတ် ပေးခဲ့ပေမယ့် သုံးကြိမ်မြောက်မှာတော့ ခိုးသူကို ထုထောင်းရိုက်နှက်ကြပါတော့တယ်။

 

ဒီနောက်မှာတော့ လူအပေါင်းဟာ စည်းဝေးကြပြီး “လောက၌လူဆိုး၊ လူညစ်၊ လူယုတ်မာတို့ကို နှိမ်နင်းဆုံးမခြင်းငှာ၊ ချီးမြှောက်တန်သောသူကိုလည်း ချီးမြှောက်စေခြင်းငှာ၊ တစ်ဦးဦးသောသူကို အကြီးအကဲတင်ထား၍ မင်းမြှောက်ကြကုန်အံ့။ ထိုမင်းအား ငါတို့၏သလေးခင်းမှ ဆယ်ဖို့တစ်ဖို့ကို နှစ်စဉ်နှစ်တိုင်းပေးကြကုန်အံ့ ဆိုပြီး အညီအညွတ် သဘောတူတိုင်ပင်ကြပြီး သင့်လျော်လျောက်ပတ် သော လူတစ်ယောက်ကို ရွေးကောက်တင်မြှောက်ခဲ့ကြပါတယ်။

 

နိုင်ငံရေးဟူ၍ ပေါ်ပေါက်လာ

 

ထိုမင်းကို လူအများက မင်းဟု သမုတ်အပ်သောကြောင့် “မဟာသမ္မတ၊ လယ်မြေတို့ကို အစိုးရခြင်းကြောင့် “ခတ္ထိယ၊ တရားသဖြင့် သူတစ်ပါးတို့ကို ချစ်ခင်၊ တပ်မက်၊ နှစ်သက်စေတတ်သောကြောင့် “ရာဇာလို့ အမည်ရပါတယ်။

 

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကလည်း သခင်အောင်ဆန်း ကလောင်အမည်နဲ့ နိုင်ငံရေးအမျိုးမျိုး ဆောင်းပါးမှာ “ဗမာ့ အယူအရ၊ ပဒေသာပင်ခေတ်မှ သမ္မတမင်းခေတ် (အစိုးရပေါ်သည့်ခေတ်) တည်းဟူသော နိုင်ငံရေး ဘဝရောက်လာ၏။ တခြားဆရာတွေ အယူအဆ မူကား လူရိုင်းမှ လူယဉ်ခေတ် ရောက်လာသည့်အခါ နိုင်ငံရေးပေါ်သည်ဟုဆို၏။ မည်သို့ဖြစ်စေ တူသော အချက်ကား လူမှု၊ သူမှုကိစ္စများ ထွေပြားနက်နဲလာသည့်အခါ လူတစ်ဦးတည်း၊ တစ်အိမ်ထောင်တည်း၊ တစ်မျိုးတည်း၊ တစ်ဘာသာတည်း၊ တစ်နိုင်ငံတည်းဆိုသော ကိစ္စမျိုးမရှိတော့ဘဲ တစ်ဆင့်ထက်တစ်ဆင့် တက်လာ၏။ ထိုလူ့အဆင့်အတန်းမှ နိုင်ငံရေးတည်း ဟူသော ပင်မသည်ပေါ်လာ၏။

 

ပေါ်လာပုံကား လူတွေကများလွန်း၍၊ ပြဿနာတွေက ရှုပ်လွန်း၍၊ လူချင်းညှိလို့မရလွန်း၍၊ တစ်ယောက်ယောက် စည်းမဲ့ကမ်းမဲ့ဖြစ်လာ၍ အစိုးရဟု ပေါ်ပေါက်လာ၏။ ထိုအစိုးရကား လူတွေက အသီးသီးသူ့နေရာသူ သူတို့အားလုံးအကျိုးအတွက် တင်လိုက်၍ဖြစ်ရ၏။ လူများက သူတို့အတွက်ဘေးရန် ကာကွယ်ပေးနိုင်ပါစေ၊ အငြင်းအခုံများဖျန်ဖြေပေး နိုင်ပါစေ၊ အစားအသောက် အဝတ်အနေမှန်ပါစေဆို၍ အစိုးရကိုချီးမြှောက်ကြ၏။ ဝိုင်းဝန်းကြ၏။ ကူညီကြ၏။ ကူညီပုံကား လိုသမျှလုပ်နိုင်အောင် အခွန်ပေးကြ၏။ အစိုးရစကားကို လိုက်နာကြ၏။ အစိုးရလည်း ရသည့်အခွန်ကို တိုင်းသူပြည်သားများအတွက် ပြန်သုံးရ၏။ တိုင်းသူပြည်သားများ ကောင်းကျိုးအတွက် အများလိုက်နာရန် ဥပဒေတွေထုတ်၊ ဥပဒေမနာခံသူတွေကို အထိုက်အလျောက် စီရင်ပေးရ၏။ အမှန်စင်စစ်မှာ ပြည်သူ့ဆန္ဒအရ အုပ်ချုပ်မှုဟုခေါ်သော ဒီမိုကရေစီဆိုသည်မှာ နိုင်ငံရေး၏အရင်းခံသဘောပင်ဖြစ်၏။ နိုင်ငံရေး၏ မဖောက်မပြန် မှန်ကန်သော ပရမတ်တရားဖြစ်၏။ သို့သော် နက်နက်နဲနဲ တွေးရှုသည့်အခါ အမှန်မှာ ဒီမိုကရေစီဟူ၍ မရှိလှသေး။

 

အစိုးရဟု ဖြစ်ပေါ်လာစဉ်ကပင် လူတွေတရား မစောင့်နိုင်၍ဖြစ်၏။ လူတွေသာ တရားစောင့်နိုင်လျှင် အစိုးရရှိတော့မည်မဟုတ်။ ဤကား ... ဗမာ့ ကျမ်းဂန်တွေ၌ပင်ရှိ၏လို့ ရေးသားဖော်ပြခဲ့ပါတယ်။

 

လူမှန်နေရာမှန် ရွေးချယ်တင်မြှောက်

 

ဒီဘက်ခေတ်မှာတော့ အမေရိကန်ရဲ့ ၁၆ ဆက်မြောက် သမ္မတကြီး အေဘရာဟမ်လင်ကွန်း ၁၈၆၃ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့မှာ ပြောကြားခဲ့တဲ့ သူ့ရဲ့နာမည်ကျော် ဂက်တီစဘတ်မိန့်ခွန်းထဲက by the people, for the people ပြည်သူရဲ့အစိုးရ၊ ပြည်သူတင်မြှောက်သည့်အစိုးရ၊ ပြည်သူအတွက် အစိုးရ စတဲ့နိုင်ငံရေးဝေါဟာရ စကားလုံးတွေ၊ လူအများ စုပေါင်းအုပ်ချုပ်မှုဟူသော အဓိပ္ပာယ်ရတဲ့ ခေါမစကား(ဂရိ)မှ ဆင်းသက်လာတဲ့ ပေါ်လစ်တစ် (politics)ဆိုတဲ့ နိုင်ငံရေးဝေါဟာရစကားလုံးတွေပဲ တွင်တွင်ကျယ်ကျယ် ထင်ရှားလာတယ်။

 

ဘယ်လိုပဲခေါ်ခေါ် အနှစ်ချုပ်ကတော့ ရွေးကောက်ပွဲ၊ ရွေးချယ်တင်မြှောက်ပွဲမှန်သမျှ ပြည်သူ့အရေးကိစ္စတွေကို အဆင်ပြေချောမွေ့ အောင်၊ ကောင်းသထက်ကောင်းအောင် လုပ်ကိုင်ဆောင်ရွက်ပေးနိုင်ဖို့ ပြည်သူတွေက သူတို့ကိုယ်စား ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက် တာဝန်ပေးအပ်ခြင်းပဲဖြစ်ပါတယ်။

 

ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွေရဲ့ အနှစ်သာရကတော့ လူကောင်းလူတော်တွေကို လူမှန်နေရာမှန် ဖြစ်အောင် တတ်နိုင်သမျှ စိစစ်ရွေးချယ်တင်မြှောက်ခွင့်ရခြင်းပဲဖြစ်ပါတယ်။ ဒီမိုကရေစီ ရင့်ကျက်တဲ့ နိုင်ငံကြီးတွေက မဲဆန္ဒရှင်တွေကတော့ တိုင်းရေးပြည်မှုတွေကို ဦးဆောင်ဦးရွက်ပြုပြီး စီမံခန့်ခွဲကြမယ့် ပုဂ္ဂိုလ်တွေဟာ သာမန်လူထဲက လူတွေလောက်တော့ မဖြစ်သင့်ဘူး။ သာမန်လူ အဆင့်ထက်ပိုပြီးမြင့်မားတဲ့ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး၊ အကျင့်စရိုက်တွေရှိဖို့ လိုတယ်လို့ ယူဆကြပါတယ်။

 

မဲဆန္ဒရှင်တို့ လိုလားချက်

 

အမေရိကန်က မဲဆန္ဒရှင်အချို့ကတော့ သူတို့ရဲ့သဘောထားထင်မြင်ချက်တွေနဲ့ ပြဿနာတွေကို ဝါရှင်တန်ကို ယူသွားပြီး ဖြေရှင်းပေးမယ့်ကိုယ်စားလှယ်ဖြစ်ဖို့လိုတယ်လို့ ဆိုကြတယ်။ အချို့ကလည်း တိုင်းပြည်ရဲ့ အကောင်းအဆိုးဟာ နိုင်ငံရေးသမားတွေရဲ့ လက်ထဲမှာရှိတယ်။ တိုင်းပြည်ကောင်းစားရေးထက် မိမိရဲ့နိုင်ငံရေး တက်လမ်းကိုကြည့်တဲ့ နိုင်ငံရေးသမား (politician) ထက် တိုင်းပြည်အရေးကို ရှေ့တန်းတင်တဲ့ ခေါင်းဆောင် (Leader) မျိုးကို အလိုရှိတယ်လို့ဆိုကြတယ်။ ဒီမိုကရေစီနိုင်ငံကြီးတစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံက မဲဆန္ဒရှင်အချို့ကတော့ သူတို့မဲဆန္ဒပေးတဲ့လူဟာ သန့်ရှင်းတဲ့ပုံရိပ်ရှိရမယ်၊ ပညာတတ်ရမယ်၊ ရာဇဝတ်မှု နောက်ကြောင်း မရှိသူဖြစ်ရမယ်လို့ ဆိုပါတယ်။

 

ဗြိတိန်နိုင်ငံက မဲဆန္ဒရှင်များကတော့ ရွေးကောက်ပွဲတွေမှာ ယှဉ်ပြိုင်အရွေးခံကြတဲ့ နိုင်ငံရေးပါတီများရဲ့ မူဝါဒတွေရော၊ အမတ်လောင်း တွေရဲ့ ကိုယ်ရည်ကိုယ်သွေးကိုပါ တတ်နိုင်သမျှ လေ့လာပြီး မူနဲ့လူကိုညှိပြီး မဲပေးတတ်ကြတယ်။ အချို့မဲဆန္ဒရှင်များကတော့ နိုင်ငံရေးမူဝါဒထက် အမတ်လောင်းရဲ့ အရည်အချင်းကို ကြည့်ပြီး ဆုံးဖြတ်ခြင်းဟာ ဒီမိုကရေစီနည်းကျတယ်လို့ ယုံကြည်ကြပါတယ်။

 

တူညီတဲ့အချက်ကတော့ သူတို့အသည်းကြားက မဲတစ်ပြားကို ထိထိရောက်ရောက်အသုံးချတတ်ကြခြင်းပဲ ဖြစ်ပါတယ်။ သူတို့မျှော်လင့်ထားတဲ့ အစိုးရဆေးရုံတွေ၊ အစိုးရစာသင်ကျောင်းတွေ အဆင့်မြှင့်တင်ခြင်းစတဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍတွေမှာ မျှော်လင့်သလို ဖြစ်မလာခဲ့ရင်လည်း ရွေးကောက်ပွဲနောက်တစ်ကြိမ် ကျရင် ဆုံးမဒဏ်ခတ်လေ့ရှိကြတယ်။

 

တိုင်းရေးပြည်မှုများ စီမံခန့်ခွဲပေးမည့် ပြည်သူ့ကိုယ်စားလှယ်

 

လတ်တလော ဇူလိုင် ၄ ရက်က ကျင်းပခဲ့တဲ့ ဗြိတိန်အထွေထွေရွေးကောက်ပွဲမှာဆိုရင် ဗြိတိန် မဲဆန္ဒရှင်များဟာ နေထိုင်စရိတ်ကြီးမြင့်မှုပြဿနာ၊ အစိုးရရဲ့ဘဏ္ဍာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေနဲ့ ကမ္ဘာ့အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး အာဏာရပါတီရဲ့ ကိုင်တွယ်ဆောင်ရွက်မှုအပေါ် သဘောမကျ ဖြစ်လာတဲ့အတွက် အာဏာရ ကွန်ဆာဗေးတစ်ပါတီ ရဲ့ ၁၄ နှစ်တာအုပ်ချုပ်မှုကို အဆုံးသတ်စေပြီး လေဘာပါတီကို ပုံအောမဲပေးထောက်ခံခဲ့ကြပါတယ်။

 

အနိုင်ရလေဘာပါတီခေါင်းဆောင် ဝန်ကြီးချုပ် အသစ်ဖြစ်လာတဲ့ ကီယာစတားမားက “ပြည်သူတွေ က ဒီမိုကရေစီနဲ့ အနာဂတ်အတွက် မဲပေးခဲ့ပြီးပါပြီ။ အခုအချိန်ကတော့ ကျွန်တော်တို့ပြန်ပြီးထမ်းဆောင် ရတော့မယ့်အချိန်ပါပဲ။ နိုင်ငံက ပထမ၊ ပါတီက ဒုတိယပါလို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပြည်သူ လူထုကိုအလုပ်အကျွေးပြုတဲ့ အစိုးရဖြစ်စေရမယ်လို့လည်း သူကဆိုပါတယ်။ မဲဆန္ဒရှင်တွေကို စတားမားပေးခဲ့တဲ့ ကတိကဝတ်တွေထဲမှာ ပြည်သူလူထု ရဲ့လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးမယ်ဆိုတဲ့ အချက်လည်း ပါဝင်ခဲ့ပါတယ်။

 

ရာထူးကဆင်းသွားရတဲ့ အာရှနွယ်ဖွားထဲက ပထမဆုံးဗြိတိသျှဝန်ကြီးချုပ်ဖြစ်လာခဲ့သူ ကွန်ဆာ ဗေးတစ်ပါတီ ဝန်ကြီးချုပ် ရီရီဆူးနက်ခ်ကတော့ “ဒီညမှာ ဗြိတိသျှလူမျိုးတွေက သူတို့ရဲ့သဘောထား တွေကို ပြသခဲ့ပါပြီ။ သင်ယူစရာတွေအများကြီး ရှိသေးတယ်။ ပြီးတော့ ဆုံးရှုံးမှုအတွက် ကျွန်တော်တာဝန်ယူပါတယ်လို့ ဆိုပါတယ်။

 

မဲဆန္ဒရှင် မြန်မာပြည်သူများအနေနဲ့လည်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများရဲ့ သဘောသဘာဝနဲ့ အနှစ်သာရကိုသိရှိပြီး လာမယ့်ရွေးကောက်ပွဲများမှာ ပြည်သူလူထုက ဆန္ဒမဲပေးပြီး ရွေးကောက် တင်မြှောက်ရမယ့် နိုင်ငံရေးသမားတွေဟာ ဘယ်လိုအရည်အချင်းတွေရှိသင့်သလဲ။ ပြည်သူက ဘာကိုကြည့်ပြီး မဲပေးကြမလဲ။ ပြည်သူ့ကိုယ်စား တိုင်းရေးပြည်မှုများကို စီမံခန့်ခွဲပေးမယ့် ပြည်သူ့ကိုယ်စားလှယ်များကို လူမှန်နေရာမှန်ဖြစ်အောင် ဘယ်လိုရွေးချယ်တင်မြှောက်ကြမလဲဆိုတာ လေ့လာဆန်းစစ်သုံးသပ်နိုင်ဖို့ တင်ပြလိုက်ရကြောင်းပါ။