၁၉ စက်တင်ဘာ
“ပြည်သူလူထုရဲ့ အသက်၊ သွေး၊ ချွေးနဲ့ ဘဝတွေပေးဆပ်ပြီးမှ ခက်ခက်ခဲခဲရရှိလာတဲ့ ဒီမိုကရေစီအပင်ပေါက်လေးကို အညွန့်ချိုးမခံရအောင် အားလုံးက ဝိုင်းဝန်းပြုစုပျိုးထောင် စောင့်ရှောက်ပေးကြစေလိုပါတယ်။ ဒီမိုကရေစီရှင်သန်ရေး အတွက် နိုင်ငံသားအားလုံး ငေးငိုင်မနေကြရန်၊ အလစ်အငိုက်မမိကြရန် အရေးကြီးလှပါတယ်”ဟု နေပြည်တော်ရှိ ပြည်သူ့လွှတ်တော်အဆောက်အအုံ သဘင်ဆောင်၌ကျင်းပခဲ့သော ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ဖြစ်ပေါ်လာရေးရည်မှန်းချက်ဖြင့် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များနှင့်အတူ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေသည်။ ထိုသို့ကြိုးပမ်းအားထုတ်မှုကို ကြည့်မည်ဆိုပါက ကာလအားဖြင့် သုံးနှစ်ကျော်မျှသာ ရှိသေးသည်။ ထိုကာလအတွင်း ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီရေး လုပ်ငန်းစဉ်များမှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်သည်ဟု ဆိုနိုင်သည်။
ဒီမိုကရေစီအသွင်ကူးပြောင်းရာတွင် စိန်ခေါ်မှုများ၊ အခက်အခဲများ၊ ပြဿနာများကြားမှ ဆိတ်သုဉ်းခဲ့သည့် ဒီမိုကရေစီ အခွင့်အရေးများနှင့် ဆုံးရှုံးခဲ့သည့် ဖက်ဒရယ်အခွင့်အရေးများ ပြန်လည်ရရှိရန် ကြိုးပမ်းဆောင်ရွက်နေသည်။ ယနေ့ ပြည်သူများလိုလားတောင့်တသည့် ဒီမိုကရေစီအခွင့်အရေးများနှင့် တိုင်းရင်းသားပြည်သူများ မျှော်မှန်းတမ်းတသည့် ငြိမ်းချမ်းရေး၊ ဖက်ဒရယ်အရေးတို့သည် ရှင်သန်စကာလ အညွန့်အတက်အညှောက်များကဲ့သို့ ရရှိလာပြီဖြစ်သည်။ ထိုသို့ရခဲ့သည်မှာ လွယ်လွယ်ကူကူမဟုတ်ချေ။ နှစ်ပေါင်းများစွာ အသက်၊ သွေး၊ ချွေးနှင့် ဘဝပေါင်းများစွာ ပေးဆပ်ခဲ့ရသည်။
ဤမျှကြိုးပမ်းရုန်းကန်ခဲ့ရသည့် ခက်ခဲကြမ်းတမ်းသောဘဝများကို အကောင်အထည် ဖော်သောသူများသာမက ပြည်သူများလည်း မေ့နိုင်မည်မဟုတ်ချေ။ ရှည်လျားကြမ်းတမ်းသော ဘဝဖြတ်သန်းမှုများနှင့် ရရှိလာသောအဆင့်မှာ မည်မျှရှိသေးသည်ကို ပြည်သူများအနေဖြင့် ချင့်ချိန်သုံးသပ်ကြည့်ရမည်ဖြစ်သည်။ ဒီမိုကရေစီကို လိုလားသူပြည်သူများ အမြောက်အမြားရှိသလို မလိုလားသူ၊ နှောင့်ယှက်ဖျက်ဆီးလိုသူများ ရှိသည်ကို သိရှိနားလည်ကြမည်ဖြစ်သည်။ ဒီမိုကရေစီလမ်းခရီးမှာ ယခုမှပင် စတင်အခြေချစရှိနေသေးပြီး ပန်းတိုင်နှင့် အလှမ်းဝေးနေသေးသည်ကို သတိချပ်ရမည်ဖြစ်သည်။
ခိုင်မာသော ဒီမိုကရေစီအဆင့်သို့ ရောက်ရှိလာစေရေးအတွက် ညီညီညွတ်ညွတ် တက်ညီလက်ညီ လက်တွဲကြိုးပမ်း ဆောင်ရွက်မှသာ မျှော်မှန်းသောပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ ပန်းတိုင်သို့ရောက်ရှိရေးအတွက် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနှင့် လိုက်လျောညီထွေဖြစ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေစနစ်ကို ပြင်ဆင်ဆောင်ရွက်ကြရမည် ဖြစ်သည်။ တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်ဖြစ်သလို စည်းမျဉ်းစည်းကမ်းများကိုလည်း လေးစားလိုက်နာကြရမည် ဖြစ်သည်။ ဒီမိုကရေစီသဘောသဘာဝအရ အမြင်မတူ သဘောကွဲပြားမှုများ ရှိမည်ဖြစ်သော်လည်း နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွားအတွက် တူရာတူရာတို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်နှင့်တိုင်းရင်းသားပြည်သူများ၏ ရေရှည်အကျိုးစီးပွားကို ဦးထိပ်ထားပြီး စေ့စပ်ညှိနှိုင်း၊ ပေါင်းစပ်လက်တွဲခြင်းဖြင့် ငြိမ်းချမ်းစွာအဖြေရှာမှသာလျှင် ရည်မှန်းချက်ပန်းတိုင်ကို ဖြောင့်တန်းစွာလျှောက်နိုင်မည်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး ဖြူစင်သည့်စိတ်ထား၊ မှန်ကန်သည့်လုပ်ဆောင်ချက်၊ မျှတသည့် သဘောထားများထားရှိကာ ခွင့်လွှတ်ခြင်း၊ သည်းခံခြင်း၊ သဘောထားကြီးခြင်းတို့ကို ပြသကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ တိုတောင်းလှသော အသွင်ကူးပြောင်းမှုကာလတွင်ပင် ဒီမိုကရေစီ အဖူးအညွန့်လေးများ ဖူးပွင့်လာပြီဖြစ်သည်ကို သတိမူပြီး ဒီမိုကရေစီအဖူးအပွင့်များ ဆက်လက်ရှင်သန် ခိုင်မာဖွံ့ဖြိုးလာရေး၊ ခိုင်မာအားကောင် းမြဲမြံတောင့်တင်းသည့် ဒီမိုကရေစီသစ်ပင်ကြီး ဆက်လက်ရှင်သန်ဖွံ့ဖြိုးကြီးထွားလာရေး၊ ဒီမိုကရေစီအသီးအပွင့်များကို အားလုံး မျှတစွာ ခွဲဝေခံစားနိုင်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံး တက်ညီလက်ညီပူးပေါင်းပါဝင် ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းအပ်ပါသည်။
ကြေးမုံ