ဝါရှင်တန်  ၇  နိုဝင်ဘာ

 

ကမ္ဘာတစ်ဝန်း စိတ်ဝင်စားနေသော အမေရိကန်သမ္မတ ရွေးကောက်ပွဲအောင်မြင်မှု နောက်ဆုံးရလဒ်ထွက်ပေါ် လာပြီဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲအောင်မြင်မှု နောက်ဆုံးရလဒ်ကြေညာချက်အရ ဒီမိုကရက်တစ် သမ္မတလောင်း ဂျိုးဘိုင်ဒင်သည် အမေရိကန်၏ ၄၆ ယောက်မြောက်သမ္မတ ဖြစ်လာပြီ ဖြစ်သည်။ ရိုးဖြောင့်ပြီး နှိမ့်ချတတ်သူဖြစ်သည့် အသက် ၇၇ နှစ်ရှိ ဘိုင်ဒင်သည် အမေရိကန်သမိုင်းတွင် အသက်အကြီးဆုံးသမ္မတတစ်ဦး ဖြစ်လာမည်ဖြစ်သည်။

 

မစ္စတာ ဘိုင်ဒင်သည် ယခုညတွင် အမေရိကန်ပြည်ထောင်စုသို့ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

 

မစ္စတာ ဘိုင်ဒင်က မမျှော်မှန်းနိုင်သော အခက်အခဲများကို ရင်ဆိုင်ရာတွင် အမေရိကန်ပြည်သူများက တစ်ခဲနက် မဲပေးခဲ့ကြကြောင်းနှင့် တစ်ခါသက်သေပြရုံနှင့် ဒီမိုကရေစီရင်ခုန်သံသည် အမေရိက၏ နှလုံးအိမ်တွင် အဆက်မပြတ် ရိုက်ခတ်နေကြောင်း ပြောကြားလိုက်သည်။

 

ယခုအချိန်သည် စိတ်ဆိုးဒေါသထွက်မှုများကို နောက်ချန်ထားပြီး နိုင်ငံတစ်နိုင်ငံအနေဖြင့် အတူတကွ စည်းလုံးရမည့် အချိန်ဖြစ်ကြောင်း၊ အမေရိကကို ပြန်လည်ပေါင်းစည်းရမည့်အချိန်ဖြစ်သလို ကုစားရမည့်အချိန်ဖြစ်ကြောင်း မစ္စတာ ဘိုင်ဒင်က ဆက်လက်ပြောကြားလိုက်သည်။

 

အမေရိကန်ရွေးကောက်ပွဲ နောက်ဆုံးရလဒ်များအရ ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒင်သည် ပင်ဆယ် ဗေးနီးယားပြည်နယ်နှင့် ဂျော်ဂျီယာပြည်နယ်များတွင် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ကို ဦးဆောင်လျက်ရှိကြောင်း သိရသည်။

 

ဂျိုးဘိုင်ဒင်သည် ပင်ဆယ်ဗေးနီးယားပြည်နယ်တွင် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံမဲ ၂၈၀၀၀ ကျော်ဖြင့် ဦးဆောင်လျက်ရှိသည်။ ပင်ဆယ်ဗေးနီးယားအောင်မြင်မှုက မစ္စတာ ဘိုင်ဒင်ကို သမ္မတဖြစ်ရန် လိုအပ်သော သမ္မတ ရွေးချယ်ရေးအဖွဲ့မဲကို ရရှိစေခြင်းဖြစ်သည်။

 

ထို့အပြင် ဘိုင်ဒင်သည် နီဗားဒါးနှင့် ဂျော်ဂျီယာပြည်နယ်တို့တွင်လည်း ထပ်မံဦးဆောင်လျက်ရှိကြောင်း သိရသည်။ အမေရိကန်ရွေးကောက်ပွဲ မဲရေတွက်မှု တတိယနေ့ရောက်ချိန်တွင် အမေရိကန် ဒုသမ္မတဟောင်း ဘိုင်ဒင်က သမ္မတရွေးချယ်ရေးအဖွဲ့ မဲ ၂၇၃ မဲရရှိထားပြီဖြစ်ပြီး လက်ရှိသမ္မတဒေါ်နယ်ထရမ့်က ၂၁၄ မဲ ရရှိထားသည်။

 

ရွေးကောက်ပွဲအောင်မြင်ပြီး အမေရိကန်သမ္မတအဖြစ် ကြေညာရန် သမ္မတရွေးချယ်ရေးအဖွဲ့ မဲ ၂၇၀ သတ်မှတ် ထားရာ ဘိုင်ဒင်သည် အဆိုပါအရေအတွက်သို့ ရောက်ရှိကျော်လွန်သွားပြီး ၄၆ ယောက်မြောက် အမေရိကန်သမ္မတ ဖြစ်လာမည်ဖြစ်သည်။

 

မစ္စတာ ဘိုင်ဒင်၏ အောင်မြင်မှုသည် မဲရေတွက်ပြီးစီးသွားသော ပြည်နယ်များ၏ ရလဒ်များကိုသာ အခြေခံထားခြင်း ဖြစ်ပြီး ဝစ္စကွန်ဆင်ပြည်နယ်တွင် မဲများကို ဆက်လက်ရေတွက်နေဆဲဖြစ်ကြောင်း သိရသည်။

 

၁၉၀၀ ပြည့်နှစ်ကတည်းကစကာ ယခုကျင်းပပြုလုပ်သော အမေရိကန်သမ္မတ ရွေးကောက်ပွဲသည် အကြီးမားဆုံး အပြောင်းအလဲကြီးတစ်ခု ဖြစ်သည်။ မစ္စတာဘိုင်ဒင်သည် ယခုအချိန်အထိ ထောက်ခံမဲ ၇၃ သန်းကျော်ရရှိထားပြီး မစ္စတာထရမ့်သည် ထောက်ခံမဲ သန်း ၇၀ နီးပါးရရှိခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မဲရေတွက် မပြီးခင်အချိန်တွင် သူ့ကိုယ်သူ ရွေးကောက်ပွဲအောင်နိုင်သူအဖြစ် မှားယွင်းစွာကြေညာခဲ့သည်။ ရွေးကောက်ပွဲ မူမမှန်မှုများရှိကြောင်း ကြေညာလိုက်သော်လည်း မည်သည့်သက်သေမှ မပြနိုင်ခဲ့ပေ။

 

ပြည်နယ်စုစုပေါင်း လေးခုတွင် သမ္မတကိုယ်စားလှယ်လောင်းနှစ်ဦးကြား ခြားနားမှုမှာ သိသိသာသာကွဲပြားသွားပြီ ဖြစ်သည်။ အဲဒီမတိုင်မီက “သင်တို့၏မဲများကို ရေတွက်နေကြောင်း၊ ပြည်သူတွေကြားရတော့မည်ဖြစ်ကြောင်း” ဘိုင်ဒင်က ၎င်း၏ မွေးရပ်ဇာတိမြေမှ ပြောကြားသည်။

 

လက်ရှိအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း သူ့အနေဖြင့် ဥပဒေကြောင်းအရ အရေးယူမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ “အခုအချိန်မှစပြီး တရားစွဲဆိုမှုများ စတင်ပြီဖြစ်ကြောင်း” တွစ်တာပေါ်တွင် ပြောကြားသည်။

 

သို့သော်လည်း ယခုအချိန်တွင် အမေရိကန်သမ္မတ မည်သူမည်ဝါဖြစ်သွားပြီဆိုသည်မှာ အဖြူအမည်းကွဲပြားသွားပြီ ဖြစ်သည်။ ရွေးကောက်ပွဲအောင်မြင်ခဲ့ပါက အချိန်ဆွဲမနေတော့ဘဲ ကိုဗစ်-၁၉ ကို တိုက်ဖျက်သွားမည်ဟု ကတိပေးခဲ့သော မစ္စတာဘိုင်ဒင်သည်လည်း သူ၏ကတိအတိုင်း အကောင်အထည်ဖော်တော့မည် ဖြစ်သည်။

 

ဘိုင်ဒင်က သူသမ္မတဖြစ်လာမည့် ပထမရက်တွင် အမေရိကန်ပြည်ထောင်စု ရင်ဆိုင်နေရသော ကိုဗစ်-၁၉ ကပ်ရောဂါ၊ စီးပွားရေး၊ ရာသီဥတုပြောင်းလဲရေးနှင့် လူမျိုးရေးဝါဒ စသည့်ပြဿနာများကို ကာမလာတားရစ် နှင့်အတူ ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

 

ကာမလာတားရစ်သည်လည်း အမေရိကန်နိုင်ငံ၏ ပထမဦးဆုံး လူမည်းနှင့် တောင်အာရှဖွား ဒုတိယသမ္မတ ဖြစ်လာမည်ဖြစ်ပြီး ဒုတိယသမ္မတတာဝန် ထမ်းဆောင်မည့် ပထမဆုံးအမျိုးသမီးတစ်ဦး ဖြစ်လာပြီ ဖြစ်သည်။

ဆင်ဟွာ၊ အင်န်အိတ်ချ်ကေ၊ အေအက်ဖ်ပီ