(၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၇) ရက်
လူငယ်များနှင့် စိတ်ကြွမူးယစ်ဆေးများအန္တရာယ်
• ယာဘ၊ ရာမ၊ မြင်းဆေး၊ အိုက်စ် (ice)စတဲ့ စိတ်ကြွမူးယစ်ဆေးပြားများသည် မက်သမ်ဖတမင်း (methamphetamine) နှင့် ကဖင်း (caffeine) တို့ ပေါင်းစပ်ထားပြီး စပျစ်သီး/ လိမ္မော်သီး/ ချောကလက်နံ့တို့ကဲ့သို့ လူငယ်များကိုဆွဲဆောင်နိုင်မည့် ရနံ့တစ်မျိုးမျိုး ထည့်သွင်းထားပါတယ်။
• ဒီဆေးတွေက ဗဟိုအာရုံကြောစနစ်အတွင်းရှိ Dopamine ကဲ့သို့သော အာရုံကြောဆက်သွယ် ဓါတုပစ္စည်း (neurotransmitter) များအား သဘာဝကိုဆန့်ကျင်၍ များပြားစေကာ စိတ်ဓာတ် တက်ကြွမှုဖြစ်စေနိုင်ပါတယ်။
သို့သော်လည်း ဒီလိုစိတ်ဓာတ်တက်ကြွနေစေရန် ဆေးချိန်ကိုတိုးသည် ထက်တိုး၍ သုံးစွဲလာရပြီး ရေရှည်မှာဦးနှောက်နှင့်ဗဟိုအာရုံကြောစနစ်ကို လုံးဝပျက်စီးစေပါတယ်။
• ဒီဆေးတွေကြောင့် ကိုယ်အပူချိန်တိုးခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ အော့အန်ခြင်းနှင့် ရုတ်တရက်သေ ဆုံးခြင်းတို့ ဖြစ်ပွားနိုင်တယ်။ ဆေးကိုပုံမှန်မသုံးစွဲရပါက အိပ်မပျော်ခြင်း၊ စိုးရိမ်စိတ်လွန်ခြင်း၊ သံသယစိတ်များခြင်းမှ မိမိကိုယ်ကိုသတ်သေသည်အထိ စိတ်ဓာတ်ကျခြင်းတို့ ဖြစ်ပွားနိုင်ပါတယ်။
• ရေရှည်သုံးစွဲခြင်းကြောင့် သွားများပျက်စီးခြင်း၊ နှာခေါင်းအတွင်းသားများ ပျက်စီးခြင်း၊ နှလုံး/ အသည်း/ ကျောက်ကပ်/ အဆုတ်ရောဂါများ ဖြစ်ပွားခြင်း၊ သွေးတိုးခြင်း၊ လေဖြတ်ခြင်း၊ ကိုယ်ခံအား ကျဆင်း၍ ရောဂါပိုးအမျိုးမျိုး အလွယ်တကူဝင်ရောက်ခြင်း၊ မှတ်ဉာဏ်ဆုံးရှုံးခြင်းနှင့် ရူးသွပ်ခြင်းတို့ ဖြစ်ပွား၍ သက်တမ်းစေ့မနေရဘဲ စောစီးစွာသေဆုံးစေပါတယ်။
• ဒါ့အပြင် ပညာရေး/ လူမှုရေး/ စီးပွားရေးနိမ့်ကျခြင်း၊ အကျင့်စာရိတ္တပျက်ပြားခြင်း၊ တရားဥပဒေ အရ ပြစ်မှုမြောက်ခြင်းကြောင့် အကျဉ်းထောင်ကျ၍ပြစ်ဒါဏ်ခံရခြင်းတို့ကို ဖြစ်ပွားစေပါတယ်။
လူငယ်သဘာဝ အသစ်အဆန်းကိုမြင်လျှင် စမ်းသပ်စူးစမ်းလိုစိတ်အား ရောင်းချသူများမှ အခွင့်ကောင်းယူကာ နည်းလမ်းပေါင်းစုံသုံး၍ ဖြားယောင်းတတ်သည်ကို အထူးဂရုပြု၍ စိတ်ကြွမူးယစ်ဆေးဝါးများအား လုံးဝရှောင်ကြဉ်ပါ။
#Ministry_of_Health_and_Sports, #MoHS, #Todays_Message, #ဒီနေ့အတွက်သိကောင်းစရာ
Credit#ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန