၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၁၄) ရက်
“ကမ္ဘာ့သွေးလှူရှင်များနေ့”
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
သွေးလှူရှင်တွေအနေနဲ့ ဘာတွေသိထားသင့်တာလဲ?
သွေးလှူမည့်သူတွေအနေနဲ့ ဒီအချက်တွေနဲ့ကိုက်ညီဖို့ လိုပါတယ်။
• အသက် (၁၈)နှစ်မှ (၅၅)နှစ် အတွင်း ဖြစ်ရပါမယ်။
• အမျိုးသားများက ကိုယ်အလေးချိန်ပေါင် (၁၁၀)အထက် ရှိရပြီး အမျိုးသမီးများအနေနဲ့ ပေါင် (၁၀၀) အထက် ရှိရပါမယ်။
• သွေးမလှူခင် အိပ်ရေးဝစွာ အိပ်စက် ထားရပါမယ်။
• အရက်သောက်သုံးခြင်း၊ လတ်တလောဓမ္မတာလာခြင်း မရှိရပါ။
• ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် မဖြစ်ရပါ။ လတ်တလောရောဂါဝေဒနာ မရှိရပါ။
• လွန်ခဲ့သော (၆) လအတွင်း ဆေးမင်ကြောင်ထိုးခြင်း၊ နားဖောက်ခဲ့ခြင်း၊ အပ်စိုက်ကုထုံး ခံယူခဲ့ခြင်း မရှိသူ ဖြစ်ရပါမယ်။
သွေးလှူရှင်များထံမှ သွေးကို မည်ကဲ့သို့ ထုတ်ယူပါသလဲ?
• လူတစ်ယောက်၏ ခန္ဓာကိုယ်မှာ ပျမ်းမျှ သွေး ၅.၆ လီတာခန့်ရှိပြီး သွေးလှူရာတွင် ၀.၄၅ လီတာ ရှိတဲ့ သွေးပမာဏကိုသာ ထုတ်ယူခြင်းဖြစ်ပါတယ်။
• ၎င်းသွေးထုထည်ပမာဏမှာ သွေးလှူပြီးနောက် (၂၄)နာရီအတွင်း ပြန်လည်ပြည့်သွားပြီး သွေးနီဥ များမှာလည်း (၃-၄)ပတ်အတွင်း သူ့အလိုလို ပြန်လည်ပြည့်သွားပါတယ်။
• ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းများကသာ သွေးထုတ်ယူခြင်းကို ပြုလုပ်မှာဖြစ်ပြီး ကြာချိန်မှာ မိနစ် (၃၀)ခန့်သာ ရှိပါတယ်။
• ထုတ်ယူပြီးသောသွေးများကို အိတ်ချ်အိုင်ဗွီ၊ အသည်းရောင်(ဘီ)(စီ)၊ ဆစ်ဖလစ်ရောဂါ ရှိ/ မရှိ စစ်ဆေးပြီး ရောဂါပိုးကင်းစင်သော သွေးကိုသာ အသုံးပြုတာဖြစ်ပါတယ်။
သွေးလှူပြီးနောက် သွေးလှူရှင်များအနေနှင့် ဆောင်ရန်/ ရှောင်ရန်တွေက ဘာတွေလဲ?
• သွေးလှူပြီးလျှင် (၁၀)မိနစ်ခန့် ဆက်လက်လဲလျောင်းပြီးနောက် (၁၅)မိနစ်ခန့် ထိုင်လျက်အနားယူပါ။
• အာဟာရဖြည့် အစားအသောက်များကို စားသောက်ပြီးမှ သွေးလှူဘဏ်မှ ထွက်ခွာပါ။
• သွေးလှူပြီးနောက် (၄)လပြည့်ပြီးတိုင်း သွေးပြန်လည်လှူဒါန်းနိုင်ပါတယ်။
• ပုံမှန်သွေးလှူဒါန်းနိုင်ရန် အာဟာရဓာတ်ကြွယ်ဝသည့် အစားအစာများ (ဥပမာ - ငှက်ပျောသီး၊ ကြက်ဥ၊ အသား) ကို စားသုံးပေးရပါမယ်။
"သင့်သွေးဖြင့် အသက်ကယ်ပါ"
#Ministry_of_Health_and_Sports, #MoHS, #Todays_Message, #ဒီနေ့အတွက်သိကောင်းစရာ, #World_Blood_Donor_Day, #ကမ္ဘာ့သွေးလှူရှင်များနေ့