(၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၁၅) ရက်
ပလတ်စတစ်နှင့် ပြုလုပ်သော အစားအသောက်ထုပ်ပိုးပစ္စည်းများနှင့် ပတ်သက်ပြီး ဘာတွေ သိထားသင့်သလဲ?
ပလတ်စတစ်သည် ဈေးနှုန်းသက်သာခြင်း၊ တာရှည်ခံခြင်း၊ သယ်ဆောင်ရလွယ်ကူခြင်းတို့ကြောင့် အစားအသောက်များ ထုပ်ပိုးသယ်ဆောင်ရာတွင် တွင်ကျယ်စွာ အသုံးပြုနေကြပါသည်။
အစားအသောက်ထုပ်ပိုးရာတွင်အသုံးပြုသော ပလတ်စတစ်များသည် Food Grade Plastic ဖြစ်ရပါမည်။
အရည်အသွေးမပြည့်မီသော အစားအသောက်ထုပ်ပိုးရာတွင် အသုံးပြုသည့် ပလတ်စတစ်ပစ္စည်းများသည် အဆိပ်အတောက်ဖြစ်စေသော ပစ္စည်းများ (ဥပမာ - Phthalates, Bisphenol A စသည်) တို့ကို ထုတ်လွှတ်ပေးနိုင်သည်။ ၎င်းတို့သည် အစားအသောက်မှတစ်ဆင့် လူ့ကိုယ်ခန္ဓာကိုယ်အတွင်း ဝင်ရောက်ကာ မျိုးဆက်ပွားကျန်းမာရေးကိုထိခိုက်စေခြင်း၊ ကင်ဆာရောဂါများကို ဖြစ်စေနိုင်ခြင်းအပြင် ပတ်ဝန်းကျင်ကိုလည်း များစွာထိခိုက်စေနိုင်ပါသည်။
ပလတ်စတစ်ထုတ်လုပ်မှုအဖွဲ့အစည်း (Society of Plastic Industry) မှ Food Grade Plastic ID နံပါတ်သတ်မှတ်ထားချက်အရ နံပါတ်-၂ HDPE (High Density Polyethylene)၊ နံပါတ်-၄ LDPE (Low Density Polyethylene) နှင့် နံပါတ်-၅ PP (Polypropylene) တို့ကို အစားအသောက် သိုလှောင်သိမ်းဆည်းရာတွင်နှင့် နံပါတ်-၁ PETE (Polyethylene Terephthalate) ကို တစ်ခါသုံး အစားအသောက်သိုလှောင်ရာတွင် အသုံးပြု၍ရကြောင်း ဖော်ပြထားပါသည်။ ထိုအမှတ်အသားသည် ထုတ်ပိုးထားသော စားသောက်ကုန်ပစ္စည်း၏ တစ်နေရာတွင် ပါရှိသည်။
စားသုံးသူများအနေဖြင့် ပလတ်စတစ်ဖြင့်ထုတ်ပိုးထားသော အစားအသောက်များ ဝယ်ယူရာတွင် Food Grade Plastic ဟုတ်မဟုတ်စစ်ဆေးဝယ်ယူကြပါရန်၊ ထုတ်လုပ်သူများအနေဖြင့်လည်း Food Grade Plastic ကိုသာ အသုံးပြုပြီး သတ်မှတ်ထားသောအပူချိန်၌သာ သိမ်းဆည်းသိုလှောင်ကြရန်နှင့် ပြင်းထန်သောနေပူရှိန်အောက်တွင် ကြာရှည်စွာသိမ်းဆည်းခြင်းမပြုပါရန် တိုက်တွန်းအပ်ပါသည်။
#Ministry_of_Health_and_Sports, #MoHS, #Todays_Message, #ဒီနေ့အတွက်သိကောင်းစရာ