(၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၁၈) ရက်

 

မွေးကင်းစကလေးတွေကို မိခင်နို့ဦးရည် မဖြစ်မနေတိုက်ကျွေးဖို့ ဘာကြောင့်လိုအပ်တာလဲ?

 

ကိုယ်ဝန်လရင့်ချိန်မှစ၍ မွေးဖွားပြီး (၂)ရက်မှ (၅)ရက်အတွင်း မိခင်နို့ဦးရည်ထွက်ပါတယ်။

 

မိခင်နို့ဦးရည်က အဝါရင့်ရင့်အရောင်ရှိပြီး နှောင်းပိုင်းနို့ရည်ထက်ပိုစေးပျစ်ပါတယ်။

 

မိခင်နို့ဦးရည်မှာ အဓိကအားဖြင့် ရောဂါကာကွယ်နိုင်တဲ့ ပဋိပစ္စည်းများ၊ ပရိုတင်းဓာတ်၊ အဆီဓာတ်၊ သကြားဓာတ်၊ ဗီတာမင်နဲ့ သတ္ထုဓာတ်များစွာပါဝင်ပြီး မွေးကင်းစကလေးအတွက် လုံလောက်ပြည့်ဝတဲ့ အာဟာရ ဖြစ်ပါတယ်။

 

ရောဂါကာကွယ်နိုင်တဲ့ ပဋိပစ္စည်းများစွာပါဝင်တဲ့အတွက် မိခင်နို့ဦးရည်ဆိုတာ မွေးကင်းစ ကလေးတွေ မိခင်ထံမှ ပထမဆုံးရရှိတဲ့ ရောဂါကာကွယ်ဆေးပဲဖြစ်ပါတယ်။

 

ဒါ့အပြင် ကိုယ်ခံအားစနစ်တစ်ခုလုံးကို ကောင်းမွန်စေပြီး ရောဂါပိုးမွှားများကူးစက်မှုကို ကာကွယ် နိုင်ပါတယ်။

 

အသားဝါခြင်း (Jaundice) မဖြစ်စေရန် ကာကွယ်ပေးပြီး အစာအိမ်နှင့် အူလမ်းကြောင်း ဖွံ့ဖြိုးမှုကို ကောင်းမွန်စေပါတယ်။

 

အစာခြေဖျက်လွယ်ပြီး ငယ်ချီး (Meconium) များကို သန့်စင်ပေးနိုင်ပါတယ်။

 

ဓာတ်မတည့်ခြင်း (ဥပမာ - အရေပြားယားယံခြင်းဖြစ်ပွားမှု) ကို လျှော့ချနိုင်ပါတယ်။

 

လမစေ့ကလေးများအတွက်လည်း အကောင်းမွန်ဆုံးအာဟာရဖြစ်ပါတယ်။

 

"မိခင်နို့ဦးရည်ကို မွေးပြီး (၁)နာရီအတွင်း (စောနိုင်သမျှစောစော) တိုက်ကျွေးခြင်းဖြင့် အထက်ဖော်ပြပါ အကျိုးကျေးဇူးများကို ရယူပါ။"

 

#Ministry_of_Health_and_Sports, #MoHS, #Todays_Message, #ဒီနေ့အတွက်သိကောင်းစရာ