(၂၀၂၀) ပြည့်နှစ်၊ ဇွန်လ (၂၇) ရက်

 

ရာသီသွေးပေါ်ခြင်းနှင့်ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲ?

 

- ရာသီသွေးပေါ်ခြင်းသည် အပျိုဖော်ဝင်ပြီးအမျိုးသမီးများတွင် သားအိမ်အတွင်းနံရံအမှေးပါး ကွာကျကာ မိန်းမကိုယ်မှ သွေးအဖြစ် ကျလာခြင်းဖြစ်သည့် သဘာဝဖြစ်စဉ်ဖြစ်ပါတယ်။

 

- အမျိုးသမီးအများစုတွင် တစ်ကြိမ်သွေးပေါ်လျှင် (၄)ရက်မှ (၈)ရက်ခန့်အထိ ကြာတတ်ပြီး တစ်ကြိမ်နှင့် တစ်ကြိမ်ကြား ပျမ်းမျှ(၂၈)ရက်ခန့်ကြာပါတယ်။ ပျမ်းမျှအားဖြင့် အမျိုးသမီးတစ်ဦးသည် ရာသီသွေး ပေါ်ခြင်း တစ်ကြိမ်ကာလအတွင်းတွင် သွေးပမာဏ စားပွဲတင်ဇွန်းဖြင့် (၂)ဇွန်းမှ (၃)ဇွန်း (၃၀ မှ ၄၅ စီစီ) ခန့် ထွက်လေ့ရှိပါတယ်။

 

- ရာသီသွေးပေါ်စဉ်ကာလတွင် အာဟာရမျှတစေရေး အစာအုပ်စုစုံလင်စွာစားရန် လိုအပ်ပါတယ်။ အထူးသဖြင့် သံဓါတ်ပါဝင်မှုများသည့် အသားနှင့် အသည်းများ၊ အစိမ်းရင့်ရောင်အရွက်များကို စားသုံးပါ။ ရေများများသောက်ပါ။ အငန်နှင့် အစပ်လျှော့စားပါ။

 

- စိတ်ဖိစီးမှုမရှိစေရေး ဂရုပြုပါ။ နားနားနေနေ နေပါ။ သက်သောင့်သက်သာရှိစေမည့် အဝတ်အထည်များ ကို ဝတ်ဆင်ပါ။ နွေးနွေးထွေးထွေးနေပါ။

 

- ရာသီသွေးပေါ်စဉ်ကာလတွင် ဖြစ်ပေါ်တတ်သော နာကျင်ကိုက်ခဲမှုများသက်သာစေရန် ဗိုက်အောက်ပိုင်းကို အသင့်အတင့်အနွေးဓါတ်ရှိသော ရေနွေးပုလင်း (သို့) ရေနွေးအိတ် ကပ်ပေးပါ။

 

- ရာသီသွေးပေါ်စဉ်ကာလတွင် တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုပြုခြင်းသည် ရောဂါကူးစက်ခြင်း၊ ယားယံခြင်းနှင့် အနံ့ဆိုးထွက်ခြင်းတို့မှ ကာကွယ်ပေးနိုင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ရေချိုးခြင်း၊ ခေါင်းလျှော်ခြင်းတို့ကို ပုံမှန်ပြုလုပ်နိုင်ပါတယ်။ အဝတ်များ၊ အတွင်းခံများကို သန့်ရှင်းအောင် ထားပါ။ မိန်းမကိုယ်ပတ်ဝန်းကျင်ကို အမြဲသန့်ရှင်းစေရန် အနည်းဆုံးတစ်နေ့လျှင်တစ်ကြိမ် ရေနှင့် ဆေးကြောပေးပါ။ အိမ်သာမသွားခင်နှင့်သွားပြီးတိုင်း လက်ကိုဆပ်ပြာနှင့်ဆေးပါ၊ လစဉ်သုံးပစ္စည်းများအား အသုံးပြုပြီးပါက စနစ်တကျ သေချာစွာ စွန့်ပစ်ပါ။

 

"ရာသီသွေးဆင်းချိန် (၁၀)ရက်ကျော်လာခြင်း၊ သွေးဆင်းမှုပမာဏများခြင်း၊ ရာသီသွေးလနှင့်ချီ၍ မလာခြင်းတို့ ရှိခဲ့လျှင် နီးစပ်ရာကျန်းမာရေးဌာနသို့ သွားရောက်ပြသပါ။"

 

#Ministry_of_Health_and_Sports, #MoHS, #Todays_Message, #ဒီနေ့အတွက်သိကောင်းစရာ