(၂၀၂၀) ပြည့်နှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးသောဒေသများတွင် ဘာတွေသတိထားရမှာလဲ?
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုအန္တရာယ်၊ ရုတ်တရက် ရေလွှမ်းမိုးမှုအန္တရာယ်၊ မိုးကြိုးအန္တရာယ်၊ မြေပြိုမှုအန္တရာယ်၊ လျှပ်စစ်ဓါတ်လိုက်မှုအန္တရာယ်၊ ထိခိုက်မှုအန္တရာယ်၊ မြွေကိုက်မှုအန္တရာယ်၊ အအေးမိ၍ ဖျားနာခြင်း၊ အဆုတ်ရောင်ခြင်း၊ ကူးစက်ရောဂါများဖြစ်သော ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အစာအဆိပ်သင့် ရောဂါနှင့်
အခြားကျန်းမာရေးပြဿနာများ ဖြစ်ပွားတတ်ပါသည်။ သို့ဖြစ်ပါ၍ -
၁။ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များမှ ထုတ်ပြန်သော လိုက်နာဆောင်ရွက်ရမည့်သတိပေးချက်များကို တိကျစွာ လိုက်နာပါ။
၂။ ရေလွှမ်းမိုးနေချိန်တွင် သက်ဆိုင်ရာမှ ညွှန်ကြားချက်ရမှသာ ယာယီနားခိုနေသော အဆောက်အဦး၊ အမိုးအကာများအောက်မှ ထွက်ခွာပါ၊ ချိုင့်ခွက်နှင့် မြောင်းများအတွင်းသို့ ချော်ကျ၍ ရေနစ်နိုင်သည့် အန္တရာယ်ရှိသောကြောင့် သတိပြု၍ သွားလာပါ။
၃။ လျှပ်စစ်ဓါတ်လိုက်မှုအန္တရာယ်ရှိ၍ သတိပြုသွားလာပါ။
၄။ မြွေအန္တရာယ်ကြုံတွေ့ရတတ်သဖြင့် သတိပြုပါ။
၅။ ထိခိုက်ဒဏ်ရာရရှိပါက ဆေးရုံများနှင့် အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်းများတွင် ချက်ချင်းပြသ၍ ဆေးကုသမှုခံယူပါ။
၆။ ဝမ်းပျက်ဝမ်းလျှောရောဂါအပါအဝင် အစားအစာနှင့် ရေမှတစ်ဆင့် ကူးစက်တက်သော ရောဂါများဖြစ်ပွား နိုင်သဖြင့် ကျိုချက်ထားသောရေ (သို့မဟုတ်) ကလိုရင်းဆေးခတ်ထားသော ရေကိုသာသောက်ပါ။ မြစ်ရေ၊ ချောင်းရေနှင့် မသန့်ရှင်းသောရေများကို မသောက်ပါနှင့်။
၇။ အစာအဆိပ်သင့်မှု မဖြစ်စေရန် ရေမျောအစားအစာများနှင့် စည်သွတ်ဗူးများ၊ အခြားအမျိုးအမည်မသိ အစားအစာများ မစားသောက်ပါနှင့်။ (အစားအစာများကို မစားသောက်မီ စစ်ဆေးပါ။)
၈။ ရက်လွန်အစားအစာများနှင့် လတ်ဆတ်မှုမရှိသော အစားအစာ၊ သိုးနေသောအစားအစာများနှင့် သန့်ရှင်းမှုမရှိသော အစားအစာများကို မစားပါနှင့်။ အမှည့်လွန် အသီးများ မစားပါနှင့်။
၉။ သောက်သုံးရေအရင်းအမြစ်များနှင့် ရေတွင်းရေကန်များအနီး အညစ်အကြေးမစွန့်ပါနှင့်။
၁၀။ အအေးမမိစေရန် အမိုးအကာအောက်တွင်နေပါ။
နွေးထွေးသောအဝတ်များဝတ်ဆင်ထားပါ။ (ကလေး သူငယ်များကို အထူးဂရုစိုက်ပါ။)
၁၁။ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုပြုဆောင်ရွက်ပါ။
၁၂။ နာမကျန်းဖြစ်ပါက နီးစပ်ရာကျန်းမာရေးဌာနတွင် ချက်ချင်းပြသ၍ ဆေးကုသမှုခံယူပါ။
#Ministry_of_Health_and_Sports