ငှက်ဖျားရောဂါမဖြစ်အောင် ဘာတွေသိထားဖို့လိုသလဲ?
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
• ငှက်ဖျားရောဂါပိုးသယ်ဆောင်ထားသည့် ညအချိန်တွင်ကိုက်လေ့ရှိသော အနောဖလိခြင်အမ (Anopheles) ကိုက်ရာမှ ငှက်ဖျားရောဂါပိုးသည် လူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ ငှက်ဖျားရောဂါကို ဖြစ်ပွားစေပါတယ်။ မိုးတွင်း ကာလမှာ ဖြစ်ပွားမှုများပြားလေ့ရှိပြီး၊ တောတောင်အတွင်း ဝင်ရောက်အလုပ်လုပ်သူများနှင့် ရွှေ့ပြောင်း လုပ်သားများမှာ ဖြစ်ပွားမှုများပြားပါတယ်။
• ငှက်ဖျားရောဂါသည် စိမ့်စမ်းရေသောက်ခြင်း၊ ငှက်ပျောသီးစားခြင်းတို့ကြောင့် လုံးဝ (လုံးဝ) မကူးစက်နိုင်ပါ။
ငှက်ဖျားရောဂါပိုးသယ်ဆောင်သည့်ခြင်၏ အလေ့အထများ
• အနောဖလိခြင်အမဟာ သက်တမ်း (၁)လခန့် အထိရှည်ကြာနိုင်၍ ပင်လယ်ကမ်းခြေဒေသများ၊ တောတောင် ထူထပ်သောဒေသများ၊ လယ်ကွင်းများ၊ ရေကြည်ရေသန့်ရှိသောစိုက်ခင်းများ၊ ရေမြောင်းများနှင့် ရေတိမ်စမ်း ချောင်းများ၏ ရေစပ်များတွင်လည်း ပေါက်ပွားနိုင်ပြီး မိုးရာသီမှာပေါက်ပွားမှု ပိုမိုများပြားနိုင်ပါတယ်။
ငှက်ဖျားရောဂါရဲ့ လက္ခဏာတွေက ဘာတွေလဲ?
• အဓိကလက္ခဏာတွေကတော့ ချမ်းတုန်ဖျားခြင်း၊ ကိုယ်ပူခြင်း၊ ချွေးထွက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အစားအသောက်ပျက်ပြီးအန်ခြင်း၊ သွေးအားနည်းပြီးဖြူရော်လာခြင်း၊ ဘေလုံးကြီးခြင်း စသည်တို့ကိုလည်း ခံစားရနိုင်ပါတယ်။ စတင်ဖျားပြီး (၂၄)နာရီအတွင်း ထိရောက်စွာကုသခံယူခြင်းမရှိပါက သတိလစ်ခြင်း၊ တက်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ ဆီးအရောင်မည်းခြင်း၊ ကိုယ်တွင်းအင်္ဂါများပျက်စီးခြင်းစသည့် ပြင်းထန်ငှက်ဖျားရောဂါ လက္ခဏာများ ဆက်လက်ဖြစ်ပေါ်လာပြီး အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။
• ငှက်ဖျားရောဂါလို့ သံသယရှိပြီဆိုရင်တော့ တတ်နိုင်သမျှစောစီးစွာ နီးစပ်ရာလူထုအခြေပြု စေတနာ့ဝန်ထမ်း ငှက်ဖျားလုပ်သား (ဒါမှမဟုတ်) ကျန်းမာရေးဌာနများမှာ အခမဲ့ သွေးဖောက်စစ်ဆေးရမှာဖြစ်ပါတယ်။ စစ်ဆေးလို့ ငှက်ဖျားပိုးတွေ့ရင် အစွမ်းထက်တဲ့ ငှက်ဖျားဆေးပေါင်းများကို စေတနာ့ဝန်ထမ်းတွေနဲ့ ကျန်းမာရေးဌာနတွေက အခမဲ့ပေးသွားမှာ ဖြစ်ပါတယ်။
• ငှက်ဖျားဆေးပေါင်းကို အချိန်မှန်မှန်သောက်ဖို့နဲ့ အညွှန်းအတိုင်း ကုန်အောင်သောက်ပေးမှသာ လူနာမိသားစုဝင်နဲ့ ပတ်ဝန်းကျင်ကို ထပ်မံမကူးစက်နိုင်မှာဖြစ်သလို ငှက်ဖျားဆေးယဉ်ပါးမှုကိုလည်း ကာကွယ်နိုင်မှာဖြစ်ပါတယ်။
ငှက်ဖျားရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်ဆောင်ရွက်ရမလဲ?
- ခြင်ကိုက်မခံရအောင် ဂရုပြုနေထိုင်ပါ၊ ဘယ်နေရာအိပ်အိပ်၊ ဘယ်အချိန်အိပ်အိပ် ခြင်ထောင်နဲ့ အိပ်ပါ။ အထူးသဖြင့် ငှက်ဖျားရောဂါဖြစ်ပွားလေ့ရှိတဲ့ ဒေသတွေမှာ ဆေးစိမ်ခြင်ထောင်နဲ့ အိပ်ပါ။
- ခြင်ပေါက်ပွားရာနေရာများမရှိအောင် ပတ်ဝန်းကျင်သန့်ရှင်းရေးကို အထူးဂရုပြု ဆောင်ရွက်ပါ။
#Ministry_of_Health_and_Sports, #MoHS, #Todays_Message, #ဒီနေ့အတွက်သိကောင်းစရာ, #Malaria, #ငှက်ဖျား, #Mosquito-Borne_Diseases
Crd > Ministry of Health and Sports, Myanmar